ဘီးလင်း၊ မတ် ၂၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ် သပြေနီကျေးရွာအနီး စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာစဉ် အရပ်သားပြည်သူတစ်ဦးကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ KNU သထုံခရိုင်က မတ် ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့က အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီရဲ့ ခမရ (၃) နဲ့ ခလရ (၈) ပူးပေါင်းတပ်ဖွဲ့တွေဟာ KNU သထုံခရိုင် သပြေနီကျေးရွာအနီးပတ်ဝန်းကျင်ကို လုံခြုံရေးစစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

အဲဒီစစ်ကြောင်းဟာ ကားလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်းလာတဲ့ ရှမ်းစုကျေးရွာနေ အသက် ၃၃ နှစ်အရွယ် ဒေသခံကိုရှိန်းကိုကိုအား ဆိုင်ကယ်မရပ်ပေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကိုရှိန်းကိုကိုဟာ ရှမ်းစုရွာကနေ သပြေနီးကျေးရွာမှာ နွားဝယ်ဖို့လာစဉ် ပစ်သတ်ခံလိုက်ရတာဖြစ်ပြီး နွားဝယ်ဖို့ပါလာတဲ့ ပိုက်ဆံတွေနဲ့ ဆိုင်ကယ်ကိုပါ စစ်ကောင်စီတပ်က ယူဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ကိုရှိန်းကိုကိုအား သေနတ်နဲ့ပစ်သတ်ပြီးနောက် အလောင်းကို ဒီအ တိုင်းပဲ လမ်းပေါ်မှာ ပစ်ထားသွားတဲ့အတွက် ဒေသခံတွေကောက်ယူပြီး ရွာမှာနာရေးပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်အဝင် စစ်ကောင်စီရဲ့ သံတံတားစစ်ဆေးရေးဂိတ်မှာ ဆိုင်ကယ်မရပ်ပေးဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံလူငယ် ၂ ဦးကို အကြောင်းမဲ့ သေနတ်နဲ့ ပစ် ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အာဏာသိမ်းသုံးနှစ်ပြည့် အစီရင်ခံစာအရ မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံးထားတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.