မြဝတီ၊ မတ် ၂၇

ကရင်ပြည်နယ် မြဝတီခရိုင် ထိုင်း-မြန်မာနယ်စပ် ဝေါ်လေမြို့နဲ့ စုကလိမြို့ကြားမှာတည်ရှိတဲ့ စစ်ကောင်စီရဲ့ ထီးကပလယ်တပ်စခန်းကို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတယ်လို့ ကော်သူးလေတပ်မတော် KTLA က မတ် ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ထီးကပလယ်တပ်စခန်းကို ကော်သူးလေတပ်မတော် KTLA ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့ကစပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွဲနေတာဖြစ်ကာ ဒီနေ့အချိန်အထိ ၁၅ ရက် ကြာမြင့်ပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဝင်တို့က စခန်းကုန်းအပေါ်အထိ တက်ရောက်ကာ တိုက်ပွဲဆင်နွှဲနိုင်ခဲ့ပေမယ့် စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ခက်ခဲတဲ့အနေအထားမှာ ရှိနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း စခန်းမကျရေးအတွက် ဝေါ်လေဗျူဟာကုန်းကနေ လက်နက်ကြီး ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်ကြီးနဲ့ ပစ်ကူပေးတာ၊ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲကို ကော်သူးလေတပ်မတော်က Black Rainbow တပ်ရင်း၊ Tiger တပ်ရင်း၊ ကဆောဝါးတပ်ရင်း၊ KTLA အထူးကွန်မန်ဒို တပ်ရင်း ၊ Karen Special Black Forces တပ်ရင်းနဲ့ ဗဟိုဌာနချုပ်တို့ ပါဝင်တဲ့ ဗျူဟာစစ်ကြောင်း ၂ ကြောင်း၊ KNLA ၁၀၃ တပ်ရင်း၊ DKBA ခွဲထွက်တို့က ပူးပေါင်းတိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။

ထီးကပလယ်စခန်းကို ပြီးခဲ့တဲ့နှစ်တွေအတွင်း KNLA KNDO ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီဘက်က လေကြောင်းအပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KTLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.