ရန်ကုန် – မတ် ၂၇ 

အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူတွေအပေါ်ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြင်းအထန်ရှုတ်ချတယ်လို့ ရန်ကုန်အခြေစိုက် ကနေဒါ သံရုံးက ကြေညာခဲ့ပါတယ်။ 

ဒီနေ့ မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်ဟာ ပြည်သူ တွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ တိုင်းပြည်ကာကွယ်ဖို့ တာဝန်တွေ ပျက်ကွက်နေတာအပြင် နိုင်ငံတကာဥပဒေတွေကို ကြီးလေးစွားချိုးဖောက်နေတယ်လို့ ဆိုထားတာပါ။

စစ်ကောင်စီတပ်ဟာ လူနေအိမ်၊ကျောင်း၊ကျန်းမာရေးစင်တာနဲ့ ဘာသာရေးအဆောက်အအုံတွေ ကို လေယာဉ်နဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။ 

ဒါ့အပြင် အရပ်သားတွေရဲ့ ပိုင်ဆိုင်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာ၊အမျိုးသမီးတွေ ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်တာတွေ လုပ်ဆောင်နေတဲ့အတွက် ကနေဒါ နိုင်ငံဆိုင်ရာသံရုံးက ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က ရိုဟင်ဂျာတွေအပါအဝင် ထိခိုက်လွယ်သူတွေကို လုံခြုံရာနေရာတွေကို ပြောင်းရွှေ့ခွင့်ပေးဖို့ ပိတ်ပင်နေတာဟာလည်း လက်ခံလို့မရတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုထား ပါတယ်။

ပြည်သူတွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေအပြင် ဖိနှိပ်မှုတွေ လုပ်ဆောင်နေတဲ့ စစ်တပ်ကို လက်နက်၊စစ်ဘက်ဆိုင်ရာ ကိရိယာ၊စစ်ဘက်-အရပ်ဘက်သုံး ကိရိယာ၊လေယာဉ်ဆီနဲ့ နည်းပညာ ဆိုင်ရာ အထောက်အပံ့တွေ ပေးနေတာကို ချက်ချင်းရပ်တန့်ဖို့အတွက်လည်း နိုင်ငံတကာကို တိုက်တွန်းခဲ့ပါတယ်။

ကနေဒါသံရုံးဟာ မြန်မာပြည်သူတွေနဲ့အတူ ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းလမ်းကျတဲ့ အနာဂတ်မျှော်မှန်းချက်တွေအတွက် တစ်သားတည်းရှိတယ်လို့လည်း အသိပေးထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.