ရန်ကုန်၊ မတ် ၂၇
ပြီးခဲ့တဲ့အစိုးရလက်ထက်က ကိုဗစ်ကပ်ရောဂါနဲ့အတူ ကျဆင်းခဲ့တဲ့ မြန်မာ့စီးပွားရေး ပြန်လည်ဦး မော့လာပြီလို့ အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားသတင်းဌာနတစ်ခုနဲ့ သီးသန့်အင်တာဗျူးအစီအစဉ်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့စီးပွားရေးဟာ ကိုဗစ်ကပ်ရောဂါကြောင့်ပဲ ကျဆင်းတာမဟုတ်ဘဲ ပြီးခဲ့တဲ့ NLD အစိုးရလက် ထက် ၂၀၁၈ ခုနှစ်လောက်ကတည်းက စီးပွားရေးစီမံခန့်ခွဲမှုအားနည်းချက်တွေကြောင့် ကျဆင်းရတာဖြစ်တယ်လို့ အပြစ်ဖို့ခဲ့ပါသေးတယ်။
အခုလို ကျဆင်းခဲ့တဲ့ စီးပွားရေးကို စစ်ကောင်စီက အားသွန်ခွန်စိုက် ကြိုးစားခဲ့တဲ့အတွက် စီးပွား ရေး နာလန်ထူလာပြီး ၂၀၂၂-၂၀၂၃ တောက်လျှောက် စီးပွားရေး ပြန်လည်ဦးမော့လာတဲ့ အခြေအ နေကို ရရှိခဲ့တာဖြစ်တယ်လို့ စစ်ခေါင်ဆောင်က အချက်အလက်ချပြချင်းမရှိဘဲ ပြောဆိုခဲ့တာပါ။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ သူရဲ့အမြင်နဲ့ ပြောဆိုတာ ဖြစ်တာကြောင့် ဘယ်လိုအချက်အလက်ကိုအခြေခံပြီး ပြောဆိုလဲဆိုတာကို မသိနိုင်သလို လက်ရှိ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖို့အတွက်တောင် တော်တော်လေး ရုန်းကန်နေရတယ်လို့ ပြောပါတယ်။
“သူပြောတာကတော့ သူရဲ့အမြင်ပေါ့နော်။ လက်တွေ့လုပ်ငန်းအနေအထားအရတော့ သိပ်တော့မချောင်ဘူး။ ငွေဈေးကလည်းကျနေတယ်။ နောက်လျှပ်စစ်မီးတွေ မရတာကတစ်ပိုင်း၊ နောက်တစ်ခုက နယ်မြေလုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး မလုံခြုံတာကလည်းတစ်ပိုင်း။ နောက်တစ်ချက်က အခုလက်ရှိလူငယ်တွေ တချို့ကလည်း စစ်မှုထမ်းတာကို နည်းနည်းကြောက်ရွံ့ပြီးတော့ အလုပ်ကနေနားပြီနိုင်ငံခြားထွက်တာများတယ်။ လုပ်ငန်းရှင်တွေကတော့ စိန်ခေါ်မှုတော်တော်ကြီးကြီးမားမား ရှိနေတုန်းပဲ။ စီးပွားရေးအနေနဲ့ကလည်း တော်တော်လေးကို ရုန်းကန်လုပ်နေရတဲ့ အနေအထားရှိတာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိစီးပွားရေးလုပ်ငန်းတွေဟာ မြန်မာ့ငွေကြေးတန်ဖိုးကျဆင်းပြီး ကုန်ကြမ်းပစ္စည်းဈေးနှုန်းတွေ အဆမတန် ထပ်မံမြင့်တက်လာတာကြောင့် အရင်လိုပုံမှန်မလည်ပတ်နိုင်သေးဘဲ လုပ်ငန်းတွေ မရပ်တန့်အောင် ထိန်းထားတဲ့အခြေအနေသာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
စီးပွားရေးပညာရှင်တစ်ဦးကလည်း လက်ရှိနိုင်ငံတွင်းမှာ တည်ငြိမ်မှုမရှိတာကြောင့် စီးပွားရေးကို ၁၀၀ ရာခိုင်နှုန်း အာရုံမစိုက်နိုင်တဲ့အတွက် ဦးမော့လာဖို့ မဖြစ်နိုင်သလို စီးပွားရေးပြန်ကောင်းဖို့က နောက်အစိုးရသစ် မတက်မချင်းမဖြစ်နိုင်ဘူးလို့ ဝေဖန်ပါတယ်။
“အခုက စီးပွားရေးကို လုံးဝ ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ပြီး လုပ်လို့မရနိုင်တဲ့ အနေအထားမျိုးမှာရှိနေတယ်။ မတည်မငြိမ်ဖြစ်လို့ စီးပွားရေးလုပ်မရ။ စီးပွားရေးလုပ်မရလို့ ဝင်ငွေကမရှိ၊ ဝင်ငွေမရှိတော့ငတ်ပြီး ဆူပူသောင်းကြမ်း။ ဒီတော့စီးပွားရေး လုပ်မရ။ အဲဒီအဆိုးသံသရာကိုလည်ပြီးလည်း အခြေအနေမကောင်းနိုင်ဘူး။ ဒီသံသရာထဲက ထွက်နိုင်အောင် လုပ်မှရမယ်။ ကိုယ်ပြည်တွင်းမှာ တည်ငြိမ်မှုရှိမှ နိုင်ငံတကာကလည်း ပြန်လက်ခံမှ။ ဒါမှနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့၊ နိုင်ငံခြားကုန် သွယ်မှုတို့ကို ကောင်းကောင်းလုပ်နိုင်မှာ၊ အဲဒီကျမှပဲ ဦးမော့လာမှာ။ အခုကတော့ ဦးမော့ဖို့သိပ်စဉ်စားလို့ မရသေးဘူး။ အရင်လိုမျိုးပြန်ဖြစ်ဖို့ကတော့ နောက်အစိုးရသစ်မတက်မချင်းကတာ့ မဖြစ်ကိုမဖြစ်နိုင်ဘူး”လို့ ဆိုပါတယ်။
တဖက်မှာတော့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်ကောင်း လူငယ်လူရွယ်တွေဟာ နီးစပ်ရာနိုင်ငံတွေကို ထွက်ခွာသွားတာကြောင့်လည်း လူ့စွမ်းအား အရင်းအ မြစ်တွေ ဆုံးရှုံးပြီး စီးပွားရေးလုပ်ငန်းတွေကိုပါ မကြာမီထိခိုက်လာမှာ ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။
ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရတော့ ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးအခြေအနေ ကောင်းဦးမှာ မဟုတ်သေးသလို ၂၀၂၅ ခုနှစ်မှာလည်း စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ကုန်သွယ်မှုကဏ္ဍအပါအဝင် ထုတ်လုပ်မှုကဏ္ဍတွေပါ နှေးကွေးကြန့်ကြာမှုတွေ ဆက်ဖြစ်နေမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လက်ရှိအခြေအနေဟာ အာဏာမသိမ်းခင် ကိုဗစ်ကပ်ရောဂါ ကာလမတိုင်ခင် အချိန်က တိုးတက်မှုနှုန်းကို ပြန်ရောက်ဦးမှာ မဟုတ်သလို ကိုဗစ်ကပ်ရောဂါမတိုင်ခင် စီးပွားရေးတိုးတက်မှု အခြေအနေ ပြန်မရောက်နိုင်သေးတဲ့ တစ်ခုတည်းသော နိုင်ငံဟာလည်း မြန်မာနိုင်ငံပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာထဲမှာတော့ စစ်တပ်အာဏာသိမ်း ပြီးနောက် မြန်မာ့စီးပွားရေး အခြေအ နေဟာ တိုးတက်မှုနှုန်း အားတက်စရာမရှိဘဲ ကျဆင်းနေဦးမှာဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်ထိ မရေရာ မသေချာသေးဘူးလို့ ခန့်မှန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI/CJ