ကော့ကရိတ် ၊ မတ် ၂၇

ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ် စစ် ကြောင်းဝင်ရောက်လာတာကြောင့် ဂျိုင်းမြစ်ကြောင်းတလျှောက်က ကျေးရွာနေပြည်သူတွေ ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသတွင်းရှိ ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မတ် ၂၄ ရက်နေ့ မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီး မတ် ၂၅ ရက်နေ့ နေ့ခင်းတစ်နာရီကျော်မှာတော့ သိမ်းပိုက်ရရှိခဲ့တာပါ။

ကော့ဘိန်းနယ်မြေရဲစခန်းကျပြီးနောက် မတ် ၂၅ ရက်နေ့ ညနေ ၅ နာရီလောက်မှာ တပ်အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မော်လမြိုင်ကနေ ခရုံဂူလမ်းအတိုင်း ချီတက်လာပြီး ကော့သပ်နဲ့ တရနာကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

တရနာဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲကိုဝင်ရောက်တပ်စွဲထားတဲ့အတွက် မနေ့ညနေကတည်းက ရွာသူရွာသားတွေ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သံ လွင်တိုင်းမ်ကို ပြောပါတယ်။

“မနက်ကနေ ဒီအချိန်ထိက ဘာမှမကြားသေးဘူး။ အခုက တိတ်ဆိတ်နေတယ်လို့ ကြားတယ်။ ရွာ သူရွာသားတွေ သိပ်မရှိတော့ဘူး၊ ပြေးကုန်ကြပြီ။ ထွက်ပြေးတဲ့ သူလည်းရှိတယ်။ မပြေးတဲ့သူလည်းရှိတာပေါ့။ လမ်းထဲမှာ အခုချိန်မှာတစ်ယောက်မှ မရှိတော့ဘူးလို့ ပြောကြတယ်။ ကျွန်တော်က ဒီဘက်ကမ်းမှာ ပုန်းနေတာ”လို့ ဆိုပါ တယ်။

ကော့ဘိန်းကျေးရွာကနေ ကျေးရွာချင်းဆက်ကားလမ်းပေါ်မှာရှိတဲ့ ဓမ္မသ၊ တရနာ၊ ကော့သပ်၊ ခရုံဂူစတဲ့ ကျေးရွာအတွင်းရှိ ဒေသခံအရပ်သားပြည်သူတွေဟာ နှစ်ဘက်တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်တဲ့အ တွက် ဘေးလွတ်ရာ တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

တစ်ဘက်မှာ ကော့ဘိန်းကျေးရွာနဲ့ တရနာကျေးရွာဟာ ၇ မိုင်ကျော်လောက်သာဝေးသလို ကော့ဘိန်းကျေးရွာနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိတဲ့ မော်လမြိုင်မြို့ဟာ မိုင် ၂၀ ကျော်သာဝေးတဲ့အတွက် ကားလမ်းကနေ တစ်နာရီအတွင်းရောက်နိုင်တဲ့ အကွာအဝေးဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီဟာ လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ကော့ဘိန်းကျေးရွာကနေတဆင့် တရနာကိုဖြတ်ပြီး ခရုံဂူလမ်းဝကနေ မော်လမြိုင်မြို့အထိ မရောက်ရှိစေရေး လမ်းခုလတ်မှာ တားဆီးပိတ်ဆို့သွားမယ့်အခြေအနေ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရ နိုင်ဗညားမွန်ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက် လာပြီး ခရုံဂူဘက်မှာရှိနေကြောင်း သတင်းရရှိထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ မတ် ၂၆ ရက်နေ့ ညနေ ၃ နာရီကျော်မှာ ကော့ဘိန်းရဲစခန်းအနီးတဝိုက်ကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောင်ခေတ်ကျေးရွာနေ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဒေသတွင်းမှာ ဆေးကုသမှုခံယူနေတယ်လို့ ကော့ဘိန်းဒေသခံတစ်ဦးက ပြောပါတယ်။

“အခု လူနာသွားကြိုတဲ့သူကတော့ ဆေးခန်းသွားပို့လို့ ပြောနေတယ်။ ဒါပေမယ့် ကျွန်တော်သူ့ကိုတော့ သေချာအတိအကျမမေးရသေးဘူး။ အခုဆေးခန်းပို့နေတုန်းပဲ။ လက်ရှိ ကျန်းမာရေးဌာနကလည်း ပိတ်ထားတယ်။ အခုလက်ရှိရွာက ဆေးဆရာတစ်ယောက်ဆီမှာ သွားကုနေတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဂျိုင်းမြစ်ဒေသတွင်းရှိ ကော့ဘိန်း၊ ကော့ပေါက်၊ ဘုရားကြီး၊ ဓမ္မသ၊ တရနာနဲ့ ကော့သပ်စတဲ့ကျေးရွာနေ ဒေသခံပြည်သူထောင်နဲ့ချီပြီး ဘေးလွတ်ရာရွာတွေ၊ ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြပြီး နေရပ်မပြန်နိုင်သေးပါဘူး။

ကော့ဘိန်းရဲစခန်းသိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကာ ၂၃ ဦး ကိုတော့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး လက်နက် ၂၇ လက် သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးပူး ပေါင်းအဖွဲ့မှာ ပါဝင်နေတဲ့ KNLA လက်အောက်ခံ Lion Battalion ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း တော်လှန်ရေးရဲ‌ဘော်နှစ်ဦး ကျဆုံးခဲ့ရသလို ပြည်သူတစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီဘက်က လက်နက်ချအညံ့ခံသူ ၂၃ ဦးနဲ့ မိသားစုဝင် ၁၈ ဦးတို့ကို လူ့အခွင့် အရေးနဲ့အညီ ထိန်းသိမ်းကာ NUG ထံ လွှဲပြောင်းပေးခဲ့တယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.