ကျိုက်ထို၊ မတ် ၂၆

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာမှာ မနေ့ မတ် ၂၅ ရက်နေ့က လက်နက်ကိုင် သင်္ဃန်းဝတ်တစ်ဦးနဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ဦးတို့ကို သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ပါတယ်။

အဲဒီနေ့ နေ့လည် ၁ နာရီအချိန်ခန့်က ကင်မွန်းချောင်းကျေးရွာ စင်တော်ကဖီးဆိုင်ထဲကနေ ဆိုင်ကယ်နဲ့ထွက်လာတဲ့ ကျောက်ဖြူတောင်ကျောင်းနေ လက်နက်ကိုင်သင်္ဃန်းဝတ် ဦးစန္ဒိမာနဲ့ ကဖီးဆိုင်ပိုင်ရှင် ဦးတင်ငြိမ်းတို့ကို KRF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် လက်နက်ကိုင် သင်္ဃန်းဝတ် ဦးစန္ဒိမာဟာ နောက်ကျောနဲ့ရင်ဘတ်တွေမှာ ကျည်ထိမှန်ဒဏ်ရာနဲ့ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးသွားပြီး ပျူစောထီးအဖွဲ့ဝင် ဦးတင်ငြိမ်းဟာ ဆီးခုံနဲ့ယာပေါင်တွေမှာ ကျည်ထိမှန်ဒဏ်ရာရှိရခဲ့ပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ရဲ့ ထုတ်ပြန်ချက်အရ ဦးစန္ဒိမာမှာ သေနတ်ကိုင်ပြီး တော် လှန်ရေးတပ်ဖွဲ့သတင်းတွေ လိုက်လံစုံစမ်းသူဖြစ်ပြီး စစ်ကောင်စီအဖွဲ့ကင်းလှည့်ရာမှာ အမြဲတမ်းလိုက်ပြတတ်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဦးတင်ငြိမ်းမှာလည်း တပ်မိသားစုဝင်ဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်လည်းဖြစ်သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ဒေသခံတွေအပေါ် ခြိမ်းခြောက်အနိုင်ကျင့်နေသူလည်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီပစ်ခတ်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF နဲ့ ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကင်မွန်းချောင်းဒေသခံတွေရဲ့ ပြောပြချက်အရ ဦးစန္ဒိမာဟာ ပစ္စတိုသေနတ်တစ်လက် အမြဲကိုင်ဆောင်သွားလာသူဖြစ်ပြီး ဘုန်ကြီးကျောင်းမှာ နေထိုင်မှုနည်းပါးကာ စင်တော်ကဖီးဆိုင်ကို ဆိုင်ကယ်တစ်စီးနဲ့ အမြဲလာရောက်သူ ဖြစ်တယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ်မှာ အခုအပတ်အတွင်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ၄ ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး ၃ သေဆုံးထားတယ်လို့ ဒေသခံတွေထံက သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.