ကော့ကရိတ်၊ မတ် ၂၇

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ် တိုက်ပွဲမှာ PDF ရဲဘော် ၄ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေက မတ် ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကော့ကရိတ်မြို့ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ အမှတ် ၃ ရဲစခန်း၊ တောင်ပေါ်ကျောင်း၊ မြို့ တော်ဦးနေရာ တွေကို မတ် ၂၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လက်အောက်ခံ ကျားဖြူစစ်ကြောင်းနဲ့ နဂါးဖြူစစ်ကြောင်းတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၅ ဦးခန့် သေဆုံးခဲ့ကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

PDF ဘက်က ကျဆုံးသွားတဲ့ ရဲဘော် ၄ ဦးဟာ နဂါးဖြူစစ်ကြောင်းက ရဲဘော်တွေဖြစ်ကြပြီး မတ် ၂၄ ရက်နေ့ ကော့ကရိတ်မြို့တိုက်ပွဲအတွင်း ကျဆုံးခဲ့တာဖြစ်တယ်လို့ နဂါးဖြူစစ်ကြောင်းက မတ် ၂၅ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။

Hydra Column ရဲ့ ထုတ်ပြန်ထားချက်အရ မတ် ၂၃ ရက်နေ့ကစပြီး ကော့ကရိတ်မြို့တွင်းရှိ စစ်ကောင်စီတပ် ထိန်းချုပ်ရာနေရာတွေကို Hydra Column အပါအဝင် တော်လှန်ရေးအင်အားစုအဖွဲ့တွေက အဘက်ဘက်မှ ရှေ့တိုးတိုက်ခိုက် ထိုးစစ်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေ ကြောင်းအသုံးပြုကာ ပြည်သူပိုင်အိုးအိမ်တွေကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိတယ်လို့ Hydra Column ရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

ကော့ကရိတ်မြို့တွင်းမှာ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တို့အနေနဲ့ စစ်ရေးအရှိန်မြှင့်တင်လျက်ရှိရာ နေ့ညမပြတ် တိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေပြီး ကော့ကရိတ်ဒေသခံပြည်သူတွေအနေနဲ့ ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ ကျားဖြူစစ်ကြောင်းက အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကစလို့ ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကြောင့် မြို့တွင်းရှိ ဒေ သခံနေအိမ် ရာနဲ့ချီမီးလောင်ပျက်စီးထားပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-White Dragon

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.