ကော့ဘိန်း ၊ မတ် ၂၄

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် ကော့ကရိတ်မြို့နယ်ရှိ  ကော့ဘိန်းကျေးရွာ နယ်မြေရဲစခန်းကို ဒီကနေ့ မနက်ပိုင်းမှာ မွန်ပြည်သစ်ပါတီ AD နဲ့ ကရင်ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဆီက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း မွန်ပြည်သစ်ပါတီ AD အပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်ဖွဲ့တွေ ကျားဖြူစစ်ကြောင်းနဲ့ ဂဠုန်စစ်ကြောင်းတို့ ပါဝင်တယ်လို့ AD ပြောခွင့်ရ နိုင်ဗညားမွန်က သံလွင်တိုင်မ်းကို ပြောပါတယ်။

 “အခုဝင်တိုက်တဲ့ တိုက်ပွဲမှာကျတော့ ကျွန်တော်တို့ (NMSP-AD) တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့ တို့ ကျားဖြူနဲ့ KNU ပူးပေါင်းစစ်ကြောင်းတွေ အကုန်ပါတယ်။ တိုက်ပွဲကတော့ ၇ နာရီ ၁၅ မိနစ် ဒီမနက် စဖြစ်တယ်။ အခုထိ ဖြစ်နေတုန်းပေါ့။ဟိုဘက်ကတော့ (စကစ) လေယာဉ်နဲ့ ဗုံးကြဲတာ ရှိတယ်။နောက်ပြီးတော့ အနားမှာရှိတဲ့ သင်္ဘောအ‌‌မြောက်နဲ့ လှမ်းပစ်တာ ရှိတယ်” ဆိုပါတယ်။

အရပ်သားတွေအပါအဝင် နှစ်ဘက်တပ်ရဲ့ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပေမယ့် စစ်ကောင်စီဘက်ကနေ လက်နက်ကြီးနဲ့  လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော့ပေါက်ကျေးရွာမှာ ရှိတဲ့ နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲပြီး မီးလောင်နေတယ်လို့ နိုင်ဗညားမွန်က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ကော့ဘိန်းကျေးရွာအပါအဝင် အနီးတဝိုက်ရှိ ကော့ပေါက် ၊ ဓမ္မသ၊ တရာနာ စတဲ့ ကျေးရွာ‌ဒေသခံတွေဟာ တိုက်ပွဲအတွင်း ပိတ်မိနေတယ်လို့ သိရပါတယ်။

ကော့ဘိန်းနယ်မြေစခန်းဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလလယ်ပိုင်းမှာ ကရင်လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်းရှိ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးပြီး ရဲစခန်းကို မီးရှို့ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.