သံဖြူဇရပ်၊ မတ် ၂၂
မွန်ပြည်နယ် သံဖြူဇရပ်မြို့အဝင် ဖောင်စိန်ကျေးရွာ တိုးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD က သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ နီးပါး တပ်စွဲထားတဲ့ တိုးဂိတ်ကို မနေ့ မတ် ၂၁ ရက်နေ့ ည ၈ နာရီကျော်အချိန်ခန့်မှာ မွန်ပြည်သစ်ပါတီ AD က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နာရီဝက်နီးပါးကြာ ဖြစ်ပွားပြီးနောက် မွန်ပြည်သစ်ပါတီ AD အဖွဲ့က တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။
“တိုးဂိတ်မှာ စကစတပ်ဖွဲ့ဝင်တွေ အထိုင်ချထားလို့ ဝင်ပစ်တာ၊ သူတို့ဘက်ကလည်း လက်နက်ကြီး ပြန်ပစ်တာ ရှိတယ်၊ စကစ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲပဲ”လို့ မွန်ပြည်သစ်ပါတီ AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောပါတယ်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီခန့် ဖောင်းစိန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအိုက်မွန် လက်နက်ကြီးအစ ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အတွက် သံဖြူဇရပ်ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မွန်ပြည်သစ်ပါတီ AD ဟာ ပြီးခဲ့တဲ့ မတ် ၁၄ ရက်နေ့ကလည်း မုဒုံနဲသံဖြူဇရပ်လမ်းပိုင်း ကွမ်လှာကျေးရွာအနီးမှာ ကမာဝက်ရဲစခန်းမှူး လိုက်ပါလာတဲ့ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ရဲကားနှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီကနေ ခွဲထွက်လာတဲ့ မွန်ပြည်သစ်ပါတီ AD အဖွဲ့ဟာ တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး စစ်ကောင်စီကို ပြန်တိုက်တော့မယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စစ်ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP AD