လောင်းလုံး၊ မတ် ၂၃

တနင်္သာရီတိုင်း လောင်းလုံးမြို့ ကကြီးရပ်ကွက်ရှိ မြို့နယ်ခန်းမအနီးမှာ စစ်ကောင်စီကားတစ်စီး တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့ ထံကနေ သိရပါတယ်။

မတ် ၂၇ ရက်နေ့မှာ ပြုလုပ်မယ့် တပ်မတော်နေ့အခမ်းအနားအတွက် လောင်းလုံးမြို့နယ်ခန်းမမှာ ပြင်ဆင်ထားမှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မတ် ၂၁ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်ဖျက်ဆီးခဲ့တာပါ။

အခမ်းအနား ပြင်ဆင်ထားမှု ဖျက်ဆီးခံရတာကြောင့် စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီကားတစ်စီးကို မတ် ၂၂ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ပြီး ရဲစခန်းနဲ့နီးကပ်နေတာကြောင့် လက်နက်ခဲယမ်းတွေ မကောက်ယူနိုင်ခဲ့ဘူးလို့ နွေဦးပြောက်ကျားတပ်ဖွဲ့ ပြန်ကြား ရေးတာဝန်ခံ ကိုကျောက်ခဲက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် လောင်းလုံးမြို့မရဲစခန်းကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ရဲစခန်းအနီးက လမ်းအချို့ ယာယီပိတ်ဆို့ခဲ့ပြီး နေ့လည်ပိုင်းမှာ ပြန်လည်ဖြတ် သန်းခွင့်ပြုပေမယ့် စစ်ဆေးတာတွေ ပိုမိုတင်းကျပ်ထားတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လောင်းလုံးမြို့ပေါ်မှာ ပြီးခဲ့တဲ့လကတည်းက စစ်ရေးငြိမ်သက်နေပြီး မြို့ပေါ်ရပ်ကွက်တွေမှာတော့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက တစ်ရပ်ကွက်လျှင် ၅ ဦးနှုန်း စစ်မှုထမ်းဖို့ စာရင်းကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – နွေဦးပြောက်ကျား

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.