မော်လမြိုင် ၊ မတ် ၂၃

မွန်ပြည်နယ်အတွင်းကနေ အနယ်နယ်အရပ်ရပ်ကို ခရီးသွားလာကြမယ့်သူတွေကို စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ တွေက ထောက်ခံစာပါမပါ စစ်ဆေးပြီး ဖမ်းဆီးငွေညှစ်နေတယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူတွေနဲ့ခရီးသည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ အရင်ကမှတ်ပုံတင်မူရင်း ပါရှိပါက ခရီးသွားလာခွင့်ပြုထားပေမယ့် အခုနောက် ပိုင်းမှာတော့ ရပ်ကွက်ထောက်ခံစာ ဒါမှမဟုတ် ရဲစခန်းထောက်ခံစာပါရှိမှ ခရီးသွားလာခွင့် ပြုမယ်ဆိုပြီး စစ်ဆေးမှုတွေ လုပ်ဆောင်လာတာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသည်တွေရဲ့ ထောက်ခံစာတွေကို စစ်ဆေးတဲ့နေရာမှာ ကားဂိတ်တွေမှာ စစ်ဆေးတာမဟုတ်ဘဲ လမ်းတွေမှာ ကြားဖြတ်စစ်ဆေးတာဖြစ်ပြီး ထောက်ခံစာမပါ ပါက သောင်းနဲ့ချီ တောင်းခံတာတွေ ရှိနေပါတယ်။

အဝေးပြေးယာဉ်လိုင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခရီးသွားတွေထံကနေ ထောက်ခံစာပါ မပါစစ်ဆေးပြီး ငွေကြေးတောင်းခံနေတဲ့အတွက် ခရီးသည်ရရှိမှု သိသိသာ သာ ကျဆင်းလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့တွေ(စကစ)က လမ်းမှာပဲ ထောက်ခံစာတွေ တောင်းတယ်။ ရဲစခန်းထောက်ခံစာပါယူ ရပ် ကွက် ထောက်ခံစာပါယူ အဲဒီလို ထောက်ခံစာတောင်းတယ်။ ခရီးသွားတွေက နည်းနည်း အခက် အခဲတော့ ဖြစ်တယ်၊ မှတ်ပုံတင်တော့ ပါတယ်၊ အဲဒါတွေ မပါလို့ရှိရင် လမ်းမှာပိုက်ဆံပေးရတာတွေ ဘာတွေတော့ရှိတာပေါ့။ ထောက်ခံစာမပါလို့၊ ဒါကြောင့် ခရီးအသွားအလာတွေတော့ကျဲကုန်ပြီး၊ မော်လမြိုင်အထွက်ကနေ ရန်ကုန်ဘက်ကို အတက်ကတော့ ကျဲသွားပြီ”လို့ ဆိုပါတယ်။

လက်ရှိကာလဟာ နွေရာသီကျောင်းပိတ်ရက်တွေ ဖြစ်တာကြောင့် အရင်က ဘုရားဖူးသွားလာတာ၊ နေရပ်ပြန်တာတွေ ရှိပေမယ့် ထောက်ခံစာတွေ စစ်ဆေးတဲ့အထိ တင်းကျပ်လာတာကြောင့် အရင်နှစ်တွေကထက် ခရီးသွားသိသိသာသာ ကျဆင်းလာတယ်လို့ သူကဆက်ပြောပါတယ်။

ခရီးသည်တစ်ဦးကလည်း စစ်ကောင်စီက ခရီးသွားခွင့်ထောက်ခံစာ တောင်းခံတာဟာ ပြည်သူတွေကို အခက်အခဲအမျိုးမျိုးဖြစ်အောင် လုပ်ဆောင်တာဖြစ်သလို လူငယ်တွေ စစ်မှုမထမ်းဘဲ ထွက် ပြေးသွားမှာကိုကြောက်လို့ ဒုက္ခပေးနေတာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ဒါကတော့ သူတို့ ချောင်ပိတ်ရိုက်တယ်လို့ပဲ ကျွန်တော် ယူဆတယ်ဗျ။ ပြည်သူလူထုတွေ အခက် အခဲဖြစ်အောင် အမျိုးမျိုး လုပ်မှာပဲလေ။ သူတို့ကတော့ လူငယ်တွေကို နိုင်ငံခြားထွက်နေတာမျိုးတို့ ပြီးသွားလို့ရှိရင် အမျိုးမျိုးပေါ့ဗျာ။ ပြည်သူတွေကို သူချောင်ပိတ်ရိုက်ထားတာပဲ၊ လူငယ်တွေ ခရီးထွက်တဲ့အခါကျရင် ဥပမာဆို နိုင်ငံခြားကို ထွက်မှာတို့ဘာတို့ အဲဒီလိုမျိုးပေါ့။ စစ်မှုထမ်းမဲစာ ရင်းပေါက်တဲ့သူတွေ ထွက်ပြေးသွားမှာတို့ ဒါကိုပဲ သူတို့ကြောက်လို့ အမျိုးမျိုးလူတွေကို ဒုက္ခပေးနေတာပဲလို့ ကျွန်တော်မြင်တယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်မှာတော့ ဒေသတွင်းက လူငယ်တွေ ထွက်ခွာမှုမရှိစေဖို့အတွက် ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ခ ရီးသွားလာပါက ထောက်ခံစာတွေပါရှိရမယ်လို့ တောင်းခံလာတာပါ။

တဖက်မှာတော့ အဝေးပြေးယာဉ်လိုင်းတွေဟာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာ၊ ဂိတ်ကြေး အဆမတန်ပေးဆောင်ရတာ၊ လုံခြုံရေးအခြေအနေကြောင့် ခရီးသွားလာမှု နည်းပါးသွားတာ၊ စစ်ကောင်စီရဲ့ တင်းကျပ်မှုတွေကြောင့် ယာဉ်လိုင်းတွေ ဆက်လက်ရပ်တည်ရေးအတွက် အခက်ကြုံနေရတာပါ။

မွန်ပြည်နယ်မှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်း ၇၀ ထက်မနည်းရှိနေပြီး အဲဒီလုပ်ငန်းအပေါ် မှီခိုရပ်တည်နေရတဲ့ မိသားစုထောင်နဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.