ဖာပွန်၊ မတ် ၂၃
ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရသူရဲ့ ပြောဆိုချက်အရ သိရပါတယ်။
အခုရက်ပိုင်းထဲ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ ဖာပွန်မြို့ပေါ်နဲ့ အနီးအနားက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးကြဲချတာတွေကို နေ့စဉ်လိုလို လုပ်ဆောင်နေခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု မရှိခဲ့ပေမယ့် အိမ်မွေးတိရိ စ္ဆာန်တွေ ထိခိုက်သေဆုံးတာရှိခဲ့ပြီး နေအိမ်အဆောက်အဦးအများအပြားလည်း ထိခိုက်ပျက်စီးနေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးစောကလယ်ဒိုက ပြောပါတယ်။
မတ် ၁၉ ရက်နဲ့ ၂၀ ရက်နေ့တို့မှာ ဖာပွန်ခရိုင်က ကျေးရွာ ၆ ရွာကို စစ်ကောင်စီတပ်က ၂ ရက်အ တွင်း ဒရုန်းဗုံးသီးအလုံးပေါင်း ၂၂၂ လုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၁၂၀၀ ကျော် ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ထားတာပါ။
ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့ စစ်ဘေးရှောင်တွေဟာ နီးစပ်ရာနေရာတွေမှာ ခိုလှုံနေထိုင်နေရပြီး စားနပ်ရိက္ခာ အမိုးအကာနဲ့ ဆေးဝါးစတဲ့ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့လည်း ဗိုလ်မှူးစောကလယ်ဒိုက ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အချိန် ရိက္ခာပြတ်လတ်တာတွေ ဖြစ်ပေါ်နေခဲ့သလို ကူးစက်ရောဂါတွေ ဖြစ်ပွားလျက်ရှိတယ်လို့ KNU ဖာပွန်ခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU