ထန်းတပင်၊ မတ် ၂၁

ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်အုပ်ချုပ်နယ်မြေ ထန်းတပင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က အရပ်သားတစ်ဦးကို ဖမ်းဆီးပြီး ကြိုးတုပ်ကာ ဓါတ်ဆီလောင်းမီးရှို့သတ်ဖြတ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့က KNU ထန်းတပင်မြို့နယ် ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု ဂွေးကုန်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ အသက် ၇၀ အရွယ် ဦးတင်ဆောင်အား ဖမ်းဆီပြီး မီးရှို့သတ်ဖြတ်ခဲ့တာပါ။

ဒါ့အပြင် မတ် ၈ ရက်နေ့က ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု လမင်းသာကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၆၅ နှစ်အရွယ် ဦးသိန်းမြင့် လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့ကလည်း KNU ကျောက်ကြီးမြို့နယ်ထဲ စစ်ကောင်စီတပ် လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ဘုရားကြီးကျေးရွာနေ အသက် ၅၁ နှစ်အရွယ် စေးကပလာ သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

KNU နယ်မြေမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကြောင့် ဒေသခံပြည်သူလူထု ၈ သိန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.