သထုံ၊ မတ် ၂၁
မွန်ပြည်နယ် သထုံမြို့နယ် ဂေါ့ကျေးရွာမှာ ဒီနေ့ မတ် ၂၁ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်က အစ်ကိုဖြစ်သူ စစ်ကောင်စီသတင်းပေးဒလန်အား လာရောက်ရှင်းလင်းစဉ် ညီဖြစ်သူ မှားယွင်းပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မွန်ပြည်နယ် ပကဖက ဝန်ခံပါတယ်။
ဂေါ့ကျေးရွာလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်းလာတဲ့ စစ်ကောင်စီသတင်းပေးဒလန် ကိုသား ငယ်ရဲ့ ညီဖြစ်သူ အသက် ၃၃ အရွယ် ကိုဝင်းထွန်းကို သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးက မှားယွင်းပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကိုဝင်းထွန်းဟာ ဦခေါင်းနဲ့လက်တွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေ ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
မွန်ပြည်နယ် ပကဖ ဒုတာဝန်ခံက ကိုဝင်းထွန်းဟာ သူရဲ့ အစ်ကိုဖြစ်သူနဲ့ ရုပ်ချင်းဆင်တာ၊ သူအစ်ကို စီးနင်းနေတဲ့ ဆိုင်ကယ်မောင်းနှင်းလာတဲ့အတွက် မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
မှားယွင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ မိသားစုဝင်နဲ့ပြည်သူတွေကို အနူးအညွတ် တောင်ပန်းကြောင်းနဲ့ နောက်ပိုင်းမှာ ဒီလိုဖြစ်စဉ်တွေ ထပ်မဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ကိုဝင်းထွန်းရဲ့ အစ်ကိုဖြစ်သူ ကိုသားငယ်ဟာ စစ်ကောင်စီ ရဲတပ်ဖွဲ့ထံ သတင်းပေး လုပ်ဆောင်နေတယ်လို့ ပြောဆိုကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီခြားအတည်ပြုနိုင်တာ မရှိပါဘူး။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတဲ့ ကိုဝင်းထွန်းကို လူမှုကယ်ဆယ်ရေးအဖွဲ့ တွေက သထုံခရိုင်ပြည်သူ့ဆေးရုံထံ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၀ ရက်နေ့ကလည်း သထုံမြို့နယ် မြတ်စံကျေးရွာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရပ်ကျေးဥက္ကဌ ဦးရွှေလှဦးဟာ အမည်မသိသေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media