မြိုင် – မတ် ၂၁
မကွေးတိုင်း၊မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီထံက လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိသလို ထိခိုက်သေဆုံးတာတွေလည်းရှိခဲ့ တယ်လို့ မြိုင် ပကဖက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ကိုင်းတောမကျေးရွာ စက်ရေတွင်းအထိုင်စခန်းမှထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁၂ ဦးပါ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
“မီတာ သုံးဆယ်အကွာကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ သိမ်းဆည်းရမိတဲ့ ဖုန်းထဲကနေ သေဆုံးစစ်ကောင်စီတပ်သားတွေရဲ့ ဓာတ်ပုံနဲ့အချက်လက်တွေသိမ်းဆည်းရမိခဲ့တယ်” လို့မြိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး MA1 သေနတ် ၁ လက်၊MA3 သေနတ် ၁ လက်၊ကျည်ဘောက် ၆ ခု၊ကျည် ၁၂၀ တောင့်၊ဘေးလွယ်အိတ် ၁ လုံးနဲ့ ဖုန်း ၂ လုံးသိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို မြိုင် ပကဖ၊ တပ်ရင်း ၁ တပ်ခွဲ ၄ စက်ြာ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊မဟာမိတ် တပ်ပေါင်းစု MUGDF၊James Bond၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ကင်ဒိုတပ်ဖွဲ့၊ပခုက္ကူခရိုင် တပ်ရင်း ၂-၆-၇၊ မြိုင် ပကဖ IO အဖွဲ့Pakokku People’s Defense Force ၊ Young Force UG နဲ့ Earthquake People’s Defence Force တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး တပ်တွေ မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီဘက်က အထိနာနေတယ် လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မတ်လ ၁၉ ရက်နေ့ကလည်း သရက်ခွပျူစောထီးစခန်းကို မောင်းသူမဲ့ လေယာဉ်နဲ့ အကြိမ် ၂၀ နီးပါး တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၁ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန် ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိုင် ပကဖ