လိုင်ဇာ၊ မတ် ၂၁

ကချင်ဒေသ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားတဲ့ ဘွမ်ရေဘွမ့်စခန်းကို အမျိုးသားညီညွတ် ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းတို့ သွားရောက်စစ်ဆေးခဲ့တယ်လို့ NUG က မတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဘွမ်ရေဘွမ့်စခန်းဟာ စစ်ကောင်စီရဲ့ ရှေ့တန်း အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပွိုင့် ၇၇၁ မဆုတ်တမ်း အရေးကြီးတဲ့ ခံစစ်စခန်းဖြစ်ပြီး မတ် ၁၅ ရက်နေ့မှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တာပါ။

NUG ရဲ့ ထုတ်ပြန်တဲ့ မှတ်တမ်းဓာတ်ပုံတွေအရ ဘွမ်ရေဘွမ့်စခန်းမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ နေအိမ်နဲ့ KIA ဗိုလ်သင်တန်းကျောင်းတို့ကို အမြောက်နဲ့ ပစ်ခတ်ဖို့  မှတ်ပုံတင်ထားတဲ့ ပစ်မှတ်အညွန်းတွေလည်း တွေ့ရှိခဲ့ပါတယ်။

ဘွမ်ရေဘွမ့်စခန်းဟာ KIO ဌာနချုပ် လိုင်ဇာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ မဆုတ်တမ်း ခံစစ်တပ် စခန်းတစ်ခုဖြစ်ပြီး အဲဒီစခန်းကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ စစ်ကောင်စီတပ်က KIA ထံကနေ သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့က စတင်ခဲ့တဲ့ ကချင်ဒေသ စစ်ဆေရေးအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့တွေဟာ စစ်ကောင်စီတပ်စခန်း ၃၀ နီးပါး သိမ်းပိုက်ရရှိထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.