တနင်္သာရီ၊ မတ် ၂၂

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာထဲကို မတ် ၂၁ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသားနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇဝဲရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၅၅၆) ခြေမြန်တပ်ရင်းကနေ သုံးမိုင်နီးပါး ကွာဝေးတဲ့ ရမ်းဖိုရွာတဝိုက် လက်နက်ကြီး ၁၀ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ရာကနေ စစ်ရှောင်တွေနေထိုင်တဲ့ တောထဲလက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ ဝန်းကျင်အရွယ် စစ်ရှောင်အမျိုးသားတွေဖြစ်တဲ့ ဦးရွှေဝင်းနဲ့ ဦးဝင်းအေးတို့ ဦးခေါင်း၊ ဆီးခုံနဲခန္ဓာကိုယ်တွေမှာ လက်နက်ကြီးထိမှန်ဒဏ် ရာရရှိခဲ့တာပါ။

လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ စစ်ရှောင်အမျိုးသားနှစ်ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေကြောင့် ဒေသခံပြည်သူလူထု အကူအညီနဲ့ နီးစပ်ရာ ဆေးကုသရေးနေရာထံ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ရမ်းဖိုရွာမှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပစ်မှတ်တွေအပေါ် အကြောင်းမဲ့ လက်နက်ကြီးပစ် ခတ်မှု ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၄ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် လယ်တောင်ယာရွာထဲ စစ်ကောင်စီတပ် လက် နက်ကြီးပစ်ခတ်မှုကြောင့် Non CDM ဝန်ထမ်း သူနာပြု လင်မယား ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Taninthari ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါ ရီလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ မတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.