မြဝတီ၊ မတ် ၂၁

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ်(၃၅၆) ခြေ မြန်တပ်ရင်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၅၆ တပ်ရင်းကို KNLA တပ်မဟာ ၆ တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့တို့က မတ် ၁၅ ရက်နေ့ ညနေ ၃ နာရီအချိန်ကနေ စတင်တိုက်ခိုက်ခဲ့ပြီး ၄ နာရီအကြာ ည ၇ နာရီမှာ စခန်းတစ်ခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို လက်နက် ၁၀ လက် ၊ ၈၁ မမ ဗုံးသီး ၄၂လုံး၊ ၆၀ မမ ဗုံးသီးတွေအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တပ်ရင်းစခန်းသိမ်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော် လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ၁ ဦးကျဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က အသိ ပေးထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ကစတင်ပြီး သင်္ဃန်းညီနောင်မှာရှိတဲ့ စစ်ကောင်စီတပ် ခမရ ၃၅၅ တပ်ရင်းကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိထားတာဖြစ်ပြီး ရက်ပိုင်းအကြာမှာပဲ နောက်ထပ် တပ်ရင်းဌာနချုပ်တစ်ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာပါ။

သင်္ဃန်းညီနောင်ဒေသအတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရင်း ၂၅၇ နဲ့ ဗျူဟာကုန်းတို့ကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.