ကျိုက်ဒုံ ၊ မတ် ၂၀

ကရင်ပြည်နယ် ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗျူဟာမှူးနဲ့ အရာရှိအပါအဝင် အယောက် ၆၀ ကျော်လက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးလျက်ရှိနေတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီတပ် စကခ ၁၃ လက်အောက်ခံ နဗဟ(၃) ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး ဦးဆောင်တဲ့ ကျိုက်ဒုံဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မတ် ၁၃ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ရာ မတ်လ ၁၄ ရက်နေ့ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုးနဲ့ အရာရှိကြီး ၁၂ ဦးအပါအဝင် ၆၆ ဦး လက်နက်ချအညံ့ခံခဲ့ပြီး ၁၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှာတော့ ၂ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကာ ပြည်သူ ၁ ဦးလည်း ထိမှန်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးလက်နက်ငယ် အလက်ပေါင်း ၁၃၀ ကျော် ကျည်ဆံ ဗုံးသီး မိုင်း ကျည်ဘောက် လက်ပစ်ဗုံး စတာတွေအပါအဝင် စစ်သုံးပစ္စည်းအများအပြားနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

ကျိုက်ဒုံဗျူဟာ စခန်းကုန်းတိုက်ပွဲမှာ ဗျူဟာမှူးနဲ့ အရာရှိကြီး ၁၂ ဦးအပါအဝင် ၆၆ ဦးကို လူသားချင်းစာနာထောက်ထားမှုအနေနဲ့ တစ်စုံတစ်ရာ ညှဉ်းပန်းနှိပ်စက်ပြုလုပ်တာတွေ မရှိဘဲ ဘေးကင်းလုံခြုံစွာ ပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ဆောင်ရွက်လျက်ရှိတယ်လို့ KNU က ထုတ်ပြန်ပြောဆိုပါတယ်။

KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲက စစ်ကောင်စီတပ်စခန်းတွေကို စခန်းသိမ်းတိုက်ပွဲအဖြစ်နဲ့ မြို့တွင်းတိုက်ပွဲအဖြစ် ဖော်ဆောင်နေလျက်ရှိပြီး နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.