ရေး၊ မတ် ၂၁

မွန်ပြည်နယ် ရေးမြို့နယ် ကုလားကုတ်ကျွန်းရဲ့ အနောက်တောင်ဘက်ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ၇၈ ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မတ် ၁၉ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ဇွဲခေတ်ဆန်းအမည်ရှိစက်လှေကို စစ်ကောင်စီရေတပ်အဖွဲ့က တားဆီးစစ်ဆေးရာ လှေပေါ်မှာ ရိုဟင်ဂျာတွေ တွေ့ရှိတာကြောင့် ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာတွေထဲမှာ အမျိုးသား ၄၄ ဦးနဲ့ အမျိုးသမီး ၃၄ ဦးပါဝင်ပြီး လတ်တ လောမှာ ကုလားကုတ်ကျွန်းမှာပဲ ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ မလေးရှားနိုင်ငံထဲ သွားရောက်ကြမယ့်သူတွေလို့ သိရပါတယ်။

ဖမ်းဆီးခံ ရိုဟင်ဂျာတွေကို စစ်ကောင်စီက ရေးမြို့ထံပို့ဆောင်ပြီး လဝကအက်ဥပဒေနဲ့ အမှုဖွင့်အ ရေးယူဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် ဝါခရုရွာရော်ဘာခြံထဲမှာ ပုန်းခိုနေတဲ့ ရိုဟင်ဂျာကလေးငယ် ၉ ဦးအပါအဝင် စုစုပေါင်း ၁၁၇ ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့သေးတာဖြစ်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့ဖမ်းဆီးတာနဲ့ စာရင်းကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ ရိုဟင်ဂျာအရေးကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ရသေ့တောင်တိုက်ပွဲမှာ လူသားဒိုင်းအဖြစ် ဖမ်း ဆီးအသုံးပြုခံရတာကြောင့် သေဆုံးသွားတဲ့ ရိုဟင်ဂျာ ၇၉ ဦးရဲ့ ရုပ်အလောင်း လာပြန်သယ်ဖို့ စစ်ကောင်စီက မိသားစုထံ အကြောင်းကြားခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.