ဘာလင်၊ မတ် ၂၁

ရုရှား-နေတိုးစစ်ပွဲဖြစ်လာနိုင်တဲ့အတွက် ဂျာမနီဟာ ကာကွယ်ရေးကို နောက်ဆုံးတည်ဆောက်ဖို့ ကြိုးပမ်းမှုအဖြစ် လေတပ်က ယူရို ၈ ဘီလျံတန်ဖိုးရှိ အမေရိကန်ရဲ့ ခရု့ဇ်ဒုံးကျည် ၇၅ စင်း ဝယ်ယူဖို့ မှာထားတယ်လို့ သိရပါတယ်။

JASSM-ER ဒုံးကျည်တွေဟာ ကီလိုမီတာ ၉၀၀ အထိပစ်ခတ်ရောက်ရှိနိုင်ပြီး ဂျာမန် အဓိပတိ အိုလက်ဖ် ရှူးလ်က ယူကရိန်းသို့ ပေးပို့ဖို့ ငြင်းဆိုထားတဲ့ Taurus ဒုံးကျည် စနစ်နဲ့ အတူတူနီးပါး ဖြစ်တယ်လို့ ဆိုထားပါတယ်။

Bundeswehr လို့ခေါ်တဲ့ ဂျာမနီ စစ်တပ်အတွက် ရန်ပုံငွေနဲ့ ရင်းမြစ်တွေ အဓိက တိုးမြှင့်အောင်လုပ်ပြီးတော့ မိမိတို့နိုင်ငံ အနေနဲ့ စစ်ပွဲအတွက် အဆင်သင့် ဖြစ်နေစေရမယ်လို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘိုးရစ် ပစ်စတိုးရီးယပ်စ်က ကြွေးကြော်ပြီးနောက် အမေရိကန်ဆီက တာဝေးပစ် ဒုံးကျည်တွေ မှာယူလိုက်တာပါ။

လာမယ့် ၅ နှစ်ကနေ ၈ နှစ်အတွင်း ရုရှားနဲ့ နေတိုးအဖွဲ့တို့ကြား စစ်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

ဂျာမနီက ဒီဒုံးကျည်တွေကို စုဆောင်းထားရုံသက်သက်အတွက်လား ဒါမှမဟုတ် တခြားနိုင်ငံတစ်နိုင်ငံဆီ ရောက်ရှိသွားမယ့် ဒုံးကျည်တွေနေရာမှာ အစားထိုးဖို့အတွက်လားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဗြိတိန်က သူတို့ရဲ့ Storm Shadow ဒုံးကျည်တွေကို ယူကရိန်းသို့ ပေးပို့ခဲ့ပါက ဂျာမနီဟာ သူတို့ရဲ့ Taurus ဒုံးကျည်တွေကို ဗြိတိန်သို့ ပေးပို့ရေး အိုလက်ဖ်ရှူးလ်က လန်ဒန်နဲ့ ဆွေးနွေးနေတယ်လို့ ဂျာမန်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီသတင်းတွေကို ငြင်းဆိုဖို့ ဂျာမနီအစိုးရက ကြိုးပမ်းနေပေမယ့် ဒီလုပ်ရပ်ကြောင့် ဂျာမနီအနေနဲ့ ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်တွေကို တိုက်ရိုက်မဟုတ်ဘဲ ပေးပို့နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဂျာမနီစစ်တပ်က JASSM-ER ဒုံကျည်တွေကို Taurus ဒုံးကျည်တွေနေရာမှာ အစားထိုးအသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့လည်း ဂျာမန်သတင်းဌာနက Bild က ဒီကိစ္စနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

အမေရိကန်ဆီက JASSM-ER ဒုံးကျည်တွေကို ဂျာမနီဘက်က ဝယ်ယူဖို့ ၂၀၂၂ ခုနှစ်ထဲက စိတ်ဝင်စားမှုရှိနေတာဖြစ်ပြီး တရားဝင်ဝယ်ယူရေးစားချုပ်ကိုတော့ ဆောင်းဦးရာသီမှာ လက်မှတ်ရေးထိုးသွားမှာဖြစ်ပါတယ်။

JASSM-ERဒုံးကျည်တွေကို လော့ခ်ဟီးလ်မာတင် ကုမ္ပဏီက အမေရိကန်လေတပ်အတွက် ထုတ်လုပ်ပေးထားတာပါ။

ပေါင် ၁၀၀၀ လေးတဲ့ထိပ်ဖူးပါရှိတဲ့ ဒီဒုံးကျည်တွေကို အမေရိကန် လေတပ်က ၂၀၀၉ ခုနှစ်က စတင်တပ်ဆင်ခဲ့တာဖြစ်ပြီး ဖင်လန်၊ပိုလန်နဲ့ ဩစတြီးယားတို့ဆီလည်း ပေးပို့ထားတယ်လို့ သိရပါတယ်။

Ref:The Telegraph

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.