ကျိုက်ဒုံ၊ မတ် ၂၀

ထိုင်း-မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်ရှိ စစ်ကောင်စီစခန်းကုန်းနှစ်ခုကို KNLA နဲ့ SOF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ စကခ (၁၉) လက်အောက်ခံ ခမရ ၅၅၇/၅၅၈ တပ်သားတွေ အထိုင်ချတပ်စွဲထား တဲ့ မဲသရောထ စခန်းကုန်းကို KNLA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF တို့က မတ် ၁၅ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာပါ။

အဲဒီနောက် မတ် ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်စခန်းကုန်းကို ထိုးစစ်ဆင် တက်ရောက်ရှင်း လင်းခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် စခန်းကုန်းအား မီးရှို့ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တဆက်တည်း မတ် ၁၉ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခြေချတပ်စွဲထားတဲ့ ဂျိုးဖြူချက်ပွိုင့် တောင်ကုန်းကို ထပ်မံပိတ်ဆို့တိုက်ခိုက်ချေမှုန်းခဲ့ရာ တနေ့ကုန်တိုက်ပွဲပြင်း ထန်ခဲ့ပြီး ညနေ ၄ နာရီအချိန်ခန့်မှာ စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့တာပါ။

“တိုက်ပွဲက ၅ ရက်ကြာတယ်၊ စကစဘက်က အထိခိုက်အကျဆုံးများလို့ စခန်းစွန့်ထွက်ပြေး သွားကြတယ်၊ စကစ အဖွဲ့တွေထွက်ပြေးသွားလို့ စခန်းကိုသိမ်းပြီး မီးရှို့နိုင်ခဲ့တယ်၊ လက်နက် တွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်”လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး တပ်ကြပ်ကြီး တစ်ဦး လက်နက်ချ အညံ့ခံခဲ့သလို စစ်ကောင်စီထံကနေ လက်နက်ကြီး၊လက်နက်ငယ် ၆၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၅၀ နီးပါးဟာ နယ်စပ်ကတဆင့် ထိုင်းနိုင်ငံ ပိုင်ခလိုင် ကျေးရွာထဲ ထွက်ပြေးသွားကြောင်းနဲ့ လက်ရှိမှာတော့ မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်တ လျှောက်အား နယ်မြေစိုးမိုးထားကြောင်း SOF က အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၄ ရက်နေ့မှာ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ စစ်ကောင်စီဗျူဟာကုန်းကို KNLA ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ကျိုက်ဒုံဗျူဟာကုန်း တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဗျူဟာမှူးအပါအဝင် တပ်ဖွဲ့ဝင် ၆၆ ဦး လက်နက်ချ အညံ့ခံခဲ့အတွက် KNLA က စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – SOF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.