ရေး၊ မတ် ၁၈

မွန်ပြည်နယ် ရေးမြို့နယ် ကြိုးတံတားကျေးရွာနဲ့စံပြကျေးရွာအနီးမှာ တစ်ရက်တည်း အမျိုးသား ၂ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်

မနေ့ မတ် ၁၇ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ရေး-သံဖြူဇရပ်လမ်းပေါ် ကြိုးတံတားရွာနဲ့စံပြရွာကြားမှာ အသက် ၅၀ ကျော် အမျိုးသားတစ်ဦး လက်ပြန်ကြိုးတုတ်ပြီး လည်ပင်းဓားခုတ် ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာပါ။

အဲဒီနေ့ မနက် ၁၁ နာရီအချိန်ခန့်မှာလည်း ကြိုးတံတားရှိ စစ်ကောင်စစ်ဆေးရေးဂိတ်ဟောင်းနေရာမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ သေဆုံးသွားတဲ့ အမျိုးသား၂ ဦးဟာ ရေးဒေသခံမဟုတ်ဘူးလို့ သိရပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

သေဆုံးသွားတဲ့ အမျိုးသား ၂ ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လမိုင်းဆေးရုံထံ ပို့ဆောင်ပေးခဲ့ပြီး ပိုင်ရှင်မဲ့တွေအနေနဲ့ သဂြိုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရေးမြို့နယ်ဟာ အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူတွေ မကြာခဏ သတ်ဖြတ်ခံရတာနဲ့ ပစ္စည်းလု လူသတ်တဲ့ ဖြစ်စဉ်တွေလည်း အမြဲလို ဖြစ်ပေါ်နေရပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ ရေးမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရမှု ၃၀ ထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.