မော်လမြိုင် ၊ မတ် ၁၈
မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ စစ်ကောင်စီ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းဥပဒေ အကြောင်းပြချက်နဲ့ ငွေကြေးအဆမတန်တောင်းခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေဟာ ပြီးခဲ့တဲ့မတ်လဒုတိယအပတ်စကပြီး ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စုတစ်စုလျှင် လူငယ် ၁၀ ဦး စစ်မှုထမ်းဖို့ အမည်စာရင်းကောက်ခံတာနဲ့ ဆင့်ခေါ်တာတွေ လုပ်ဆောင်နေတာပါ။
အဲဒီထဲက ဆင့်ခေါ်ခံရတဲ့ လူငယ်တွေကို ငွေကြေးထောက်ပံ့ပေးရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်ရွာလျှင် ကျပ် ၁၀ သိန်းကနေ သိန်း ၃၀ အထိ တောင်းခံတာတွေ ရှိနေသလို လစဉ်ထောက်ပံ့ပေးရမယ်လို့ ပြောဆိုတာတွေ ရှိနေပါတယ်။
တချို့ရပ်ကွက်၊ကျေးရွာတွေမှာတော့ စစ်မှုမထမ်းချင်တဲ့ လူငယ်တွေကို ကင်းလွတ်ခွင့် လက်မှတ်ထုတ်ပေးမယ်ဆိုပြီး လက်မှတ်တစ်စောင်လျှင် ကျပ် ၅ သိန်းကစလို့ ငွေကြေးတောင်းခံတာတွေ ရှိနေတာပါ။
အင်တာဗျူး – ဒေသခံတစ်ဦး
“သူတို့က(အုပ်ချုပ်ရေးမှူးတွေ)ကင်းလွတ်ခွင့်လက်မှတ်ရမယ်ဆိုပြီးတော့ လက်မှတ်တစ်စောင်ကို ၅ သိန်းကနေစပြီး သူတို့ ပိုက်ဆံရှိတဲ့သူတွေ အသိုင်းအဝိုင်းက အသံထွက်တာပေါ့နော်၊ ကင်းလွတ်ခွင့် လက်မှတ် ဟုတ်လား မဟုတ်လားလည်း မသိဘူး၊ သူတို့ကလည်း နည်းပေါင်းစုံနဲ့ လိမ်စားနေတယ် ဆိုတော့ ဘယ်သူကို ဘယ်သူယုံရမှန်းလည်း မသိဘူး၊ အဲ့ဒီ ကင်းလွတ်ခွင့် လက်မှတ် ရဖို့ အတွက်ကို အုပ်ချုပ်ရေးမှူးကို ဘယ်လောက်ပေးရမယ်၊ ရာအိမ်မှူးကို ဘယ်လောက်ပေး ရမယ်ပေါ့၊ အနည်းဆုံးတော့ ၅ သိန်းလို့တော့ ကြားတာပေါ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ကင်းလွတ်ခွင့်လက်မှတ်ကို ဘယ်လိုပုံစံနဲ့ ထုတ်ပေးသွားမယ် ဆိုတာကိုတော့ တိတိကျကျ ပြောဆိုတာ မရှိဘဲ ငွေကြေးတွေကိုသာ အရင်ဆုံးတောင်းခံနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ပြန်လည် အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည် အမျိုးသမီးတွေနဲ့ ကိုယ်လက်အင်္ဂါ တစ်ခုခု အမြဲတမ်းမသန်စွမ်းသူတွေသာ စစ်မှုထမ်းဖို့ ကင်းလွတ်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။
ဒါ့အပြင် စစ်တပ်ဆေးတပ်ဖွဲ့ စစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းဖို့ အမြဲမသင့်လျှော်သူဖြစ်ကြောင်း သတ်မှတ် ထားသူတွေနဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်ပြီး ကင်းလွတ်ခွင့်ပြုထားသူတွေလည်း စစ်ထဲဝင်ဖို့ ကင်းလွတ်ခွင့် ရှိတာပါ။
ဒေသခံ တစ်ဦးကလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူတွေ စိတ်ဒုက္ခရောက်ရတဲ့အပြင် စစ်ကောင်စီ လက်အောက်ခံတွေက ဥပဒေကို အကြောင်းပြပြီး သက်သက်မဲ့ ငွေညှစ်နေတဲ့အတွက် မိဘတွေကအစ စိတ်ဆင်းရဲ နေရတယ်လို့ ပြောပါတယ်။
အင်တာဗျူး – ဒေသခံ တစ်ဦး
“စစ်ကောင်စီကတော့ ကျွန်တော်တို့ အမြင်က သူအင်အား မရှိတော့ဘူးလို့ ထင်တာပဲ၊ လူအင်အား မရှိတော့ ပြည်သူတွေကို စိတ်ဒုက္ခပေးတဲ့ ပုံစံမျိုးဘဲ၊ မိဘတွေ စိတ်မချမ်းမသာအောင် လုပ်တယ်ပေါ့ဗျာ၊ ဒီဥပဒေ ထုတ်တာ သက်သက်မဲ့ကို ငွေညှစ်ပြီးတော့ သူတို့က ဖမ်းမယ်ပေါ့ဗျာ၊ လူငယ်တွေကို ဖမ်းမယ် ထားပါတော့ အယောက် ၂၀ လောက် ဖမ်းမယ် ဆိုရင် သူတို့ ၁၀ ယောက်လောက်ကို ထည့်ပြီးတော့ ၁၀ ယောက်လောက်ကို ငွေနဲ့ ရွေးခိုင်း ပြီးတော့ ငွေအတွက် လုပ်စားနေတယ် လုပ်စားချင်တာပေါ့၊ ရိုက်ခတ်မှုက အများကြီး ရှိတာပေါ့၊ မိဘတွေလည်း စိတ်ဆင်းရဲတယ်၊ ကလေးတွေလည်း နေရထိုင်ရ ခက်တာပေါ့”လို့ ဆိုပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက်ပြည့်ပြီး နိုင်ငံသားတိုင်း စစ်မှုထမ်းရမှာ ဖြစ်ပြီး အကြောင်းပြချက် မခိုင်လုံဘဲ စစ်မှုမထမ်းဖို့ တိမ်းရှောင်းပါက တရားခံပြေးအဖြစ် သတ်မှတ်အရေးယူသွားမယ်လို့ စစ်ကောင်စီ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ခြိမ်းခြောက်ထားပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ မထွက်သေးခင်မှာဘဲ ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဒေသခံလူငယ်တွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာ၊ စစ်မှုထမ်းဖို့ မဲနှိုက် ရွေးချယ်တာတွေ ဆက်တိုက် ပြုလုပ်နေတာပါ။
မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ မွန်ပြည်နယ်မှာ ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၄၆၈ အုပ်စုရှိတဲ့အတွက် စစ်ကောင်စီရဲ့ ပြောဆိုချက်တွေအရ တစ်လလျှင် လူငယ် ၅၀၀ နီးပါး စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။
သုတေသနအဖွဲ့ဖြစ်တဲ့ ISP Myanmar ရဲ့ အစီရင်ခံစာအရ စစ်မှုထမ်းဥပဒေကြောင့် အဂတိလိုက်စားမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်ပြီး နိုင်ငံဖြစ်ထွန်းမှုလမ်းကြောင်း တစ်ခုလုံး မျိုးဆက်နဲ့ချီ အနုတ်လက္ခဏာအရွေ့ဖြစ်သွားနိုင်ခြေရှိတယ်လို့ သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်