မော်လမြိုင်၊ မတ် ၁၉

မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွာအနီးရှိ ရထားလမ်းချောင်းကူးတံတား မိုင်းခွဲခံရပြီးနောက် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်တွေ ပြေးဆွဲမှုရပ်နားထားတယ်လို့ မော်လမြိုင်ဘူတာကြီးက သတင်းထုတ်ပြန်ပါတယ်။

မနေ့ မတ် ၁၈ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ သထုံမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ ထွက်ခွာလာတဲ့ ကျောက်တင်ရထားဟာ သိမ်ဆိပ်ဘူတာနဲ့ ဒုံးဝန်းဘူတာကြားရှိ ရထားလမ်းချောင်းကူးတံတားပေါ်အရောက်မှာ မိုင်းခွဲခံလိုက်ရတာပါ။

မိုင်းခွဲခံရတာကြောင့် အရှည်ပေ ၂၀ နီးပါးရှိတဲ့ ချောင်းကူးတံတားရဲ့ ရထားသံလမ်းတွေ ပျက်စီးခဲ့သလို ကျောက်တင်ရထားတွဲ ၅ တွဲတိမ်းမှောက်ကာ ၂ တွဲလမ်းချော်သွားတဲ့အတွက် ရထားခရီးစဉ်တွေ ယာယီဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ရထားလမ်းပိုင်း ပျက်စီးသွားတဲ့အတွက် မတ် ၁၉ ရက်နေ့ ပြေးဆွဲမယ့် မော်လမြိုင်-ရန်ကုန်နဲ့ ရန်ကုန်-မော်လမြိုင်ခရီးစဉ်တွေ ယာယီဖျက်သိမ်းလိုက်ပြီး လက်မှတ်ဝယ်ထားတဲ့သူတွေကို ငွေပြန်အမ်းပေးမယ်လို့ မော်လမြိုင်ဘူတာကြီးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပျက်စီးသွားတဲ့ ရထားလမ်းပိုင်းကို အမြန်ဆုံးပြန်လည် ပြုပြင်တာတွေ လုပ်ဆောင်နေပြီး ရထားပြန်လည်ပြေးဆွဲနိုင်မယ့် နေ့ရက်ကို အချိန်နဲ့တပြေးညီ ထုတ်ပြန်သွားပေးမယ်လို့ ဆိုပါတယ်။

မော်လမြိုင်ဘူတာကြီး တာဝန်ရှိသူတစ်ဦးရဲ့ အဆိုအရ ရထားလမ်း ပျက်စီးမှု များပြားသွားတဲ့အတွက် ပြုပြင်ပြီးစီးမယ့် နေ့ရက်ကို အတိအကျ မပြောနိုင်သေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျောက်တင်ရထားမိုင်းခွဲမှုကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ စစ်ကောင်စီဘက်က ဒီနေ့ မတ် ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပေမယ့် ဘယ်အဖွဲ့အစည်းလဲဆိုတာ တရားဝင် ပြောဆိုထားတာ မတွေ့ရပါဘူး။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းကာလအတွင်း ဘူတာရုံတွေအပါအဝင် ရထားလမ်းပိုင်း အကြိမ် ၂၀၀ နီးပါး ဖောက်ခွဲခံထားရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.