မင်းဘူး – မတ် ၁၉ 

မကွေးတိုင်း၊မင်းဘူးခရိုင်းအတွင်း စစ်မှုထမ်းအငှားခေါ်တဲ့စျေးနှုန်းဟာ ကျပ်သိန်း ၄၀ ဝန်းကျင် အထိ ပေါက်စျေးရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မဲနှိုက်ဖို့ လှုံ့ဆော် နေချိန်မှာ အခုလိုစျေးကွက်ဖြစ်လာတာပါ။

“ရွာထဲက ပိုက်ဆံရရင်စစ်မှုထမ်းမယ့်သူတွေကို တစ်ယောက် သိန်း ၄၀ ပေးရမယ်။ တစ်အိမ်ကိုခွဲ တမ်းကျ တာဝန်ယူရမှာပေါ့ အဲဒီလိုပေးမယ်ဆိုရင် မဲနှိုက်ရမယ့်ကိစ္စက မနှိုက်ရတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အရင်က စစ်မှုမထမ်းလိုသူတွေအနေနဲ့ တစ်အိမ်ကို ၅၀၀၀ ကျပ်ကနေ ၅၀၀၀၀ နှုန်းအထိရှိခဲ့ ပေမယ့် လက်ရှိမှာတော့ စစ်မှုထမ်းမယ့်သူကို ကျပ်သိန်း ၄၀ အထိပေးရမှာဖြစ်တယ်လို့ သိရပါ တယ်။

စလင်း၊ပွင့်ဖြူနဲ့ စေတုတ္တရာမြို့နယ်က ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ အုပ်ချုပ်ရေးမှူးတွေက ကြိုးပမ်းနေသလို စစ်ကောင်စီကလည်း ပြည်သူ့စစ်အတွက်စည်းရုံးတာတွေရှိနေပြီး တချို့ကို တော့ အမြဲတမ်းစစ်သားအဖြစ်လုပ်ဆောင်ဖို့ ငွေပေးစည်းရုံးတာတွေရှိနေပါတယ်။ 

အမည်မဖော်လိုတဲ့ CDM ဗိုလ်ကြီးတစ်ဦးကတော့ စစ်ကောင်စီတပ်ရဲ့ ငွေပေးစည်းရုံးနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အခုလိုသုံးသပ်ပါတယ်။

“စစ်သည်အင်အား ၄ သိန်းဆိုတာက ကျွန်တော်တို့တပ်ထဲရှိနေတဲ့အချိန်တုန်းထဲက မရှိတော့ဘူး။ အခုတိုက်ပွဲတွေမှာ အထိနာတာနဲ့ CDM ဝင်တာလာတွေများနေလို့ သူတို့ဘက်က ရသလို စည်းရုံး တာတွေဆက်လုပ်နေဦးမှာပဲ။ ဒီလိုစည်းရုံးထားတဲ့ လူသစ်တွေကလည်း တပ်ထဲမှာ အချိန်ကြာ ကြာဒဏ်ခံနိုင်မှာမဟုတ်ဘူး” လို့သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ မြန်မာနှစ်သစ်ကူးအပြီး ဧပြီလနှောင်းပိုင်းမှာ စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်တွေ စမယ်လို့ ပြောထားပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ကရင်အမျိုးသားအစည်းအရုံးက KNU ကတော့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုမလိုက်နာဖို့ပြောထားကာ ဒီဥပဒေအသက်ဝင်တယ်ဆို တဲ့အပေါ်ကိုလည်း ရှုတ်ချထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ –  Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.