မော်လမြိုင်၊ မတ် ၁၈
အပစ်ရပ် ၇ ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေအသီးသီးမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ထုတ်ပြောလာပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ရဲ့ မျက်နှာစုံညီအစည်းအဝေးကို မတ် ၁၇ ရက်နေ့က စတင်ခဲ့ပြီး သဘာပတိဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က အဖွင့်နှုတ်ခွန်းဆက်စကားအဖြစ် ထည့်သွင်းပြောကြားခဲ့တာပါ။
ဒေသတွင်းရှိ လူထုတွေအတွက် အုပ်ချုပ်ရေး၊လုံခြုံရေး၊စီးပွားရေး၊ပညာရေး၊ကျန်းမာရေး၊စားဝတ်နေရေး အပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တဆင့်ပြီးတဆင့် တည်ဆောက်သွားရမယ်လို့ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားခဲ့တာပါ။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက အပစ်ရပ် ၇ ဖွဲ့ပြောတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟာ စစ်တပ်နဲ့ တောင်းဆိုညှိနှိုင်းဖို့ လုပ်ရဦးမှာဖြစ်ပြီး လွှတ်တော်ပေါ်လာတဲ့အခါမှ အတည်ပြုရဦးမှာ ဖြစ်ပြီး စစ်တပ်လက်ခံဖို့ ခက်တယ်လို့ သုံးသပ်ပါတယ်။
“သူတို့ပြောတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ သူတို့ မှန်းဆချက်ပဲ ဖြစ်ပါလိမ့်မယ်။လက်တွေ့မှာတော့ ၂၀၀၈ က ခွဲထွက်လို့ သီးသန့်အုပ်ချုပ်ခွင့်တို့ သူတို့ကို လုပ်ပိုင်ခွင့်ပေးမှာ မဟုတ်ဘူး။သူတို့က စစ်တပ်နဲ့ တောင်းဆိုဖို့ ညှိနှိုင်းဖို့ လုပ်ရဦးမယ်။ပြီးတော့ သူတို့ လိုချင်တဲ့အဆင့်အတန်း လွှတ်တော်ပေါ်လာတဲ့အခါမှ အတည်ပြုရဦးမယ်။အဲဒါမျိုး မလုပ်ဘဲနဲ့ သူတို့ ဆွဲထားတဲ့အပေါ် လုပ်ချင်တဲ့ ဆန္ဒပဲ ဖြစ်ပါလိမ့်မယ်။လက်တွေ့မှာတော့ ဒါက စစ်တပ် လက်ခံဖို့ ခက်ပါတယ်”လို့ ဆိုပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး စစ်ရေးအခြေအနေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွက် ထိန်းချုပ်နယ်မြေဟာ သတ်မှတ်ထားတဲ့ပုံစံမျိုး ဖြစ်လာဖို့ မလွယ်ကူသလို ၂၀၀၈ ဖွဲ့စည်းပုံကိုကျော်ပြီး လုပ်ပိုင်ခွင့် ပိုရမှာမဟုတ်ဘူးလို့ ဦးဖေသန်းက ထောက်ပြပါတယ်။
တိုင်းရင်းသားအရေးလေ့လာသူတစ်ဦးကတော့ “ဗိုလ်ချုပ်ကြီးယွက်ဆစ်ပြောတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ဆိုတာကလည်း နိုင်ငံရေးသဘောပဲ ဆန်ပါတယ်။ အများဆုံးဖြစ်နိုင်ခြေက စစ်ကောင်စီအုပ်ချုပ်ရေးစနစ်ပျက်ယွင်းလို့ အာဏာလေဟာနယ်ဖြစ်သွားတဲ့ဒေသတွေမှာ ဒီ ၇ ဖွဲ့က ဝင်အုပ်ချုပ်သွားဖို့ရှိလာမယ်။ ဒီလောက်ပါပဲ။ ဖြစ်သင့်တာက လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဘယ်လောက်ကိုင်တွယ်ရမလဲဆိုတာကို အပစ်ရပ်အဖွဲ့တွေအနေနဲ့ မဟာဗျူဟာကျကျ ဆွေးနွေးအဖြေရှာဖို့ လိုနေပါပြီ”လို့ သူ့အမြင်ကို ပြောပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကတော့ လက်ရှိ ကာလ နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ရေးဘောင်ကျယ်တဲ့ အနေအထားမှာ အပစ်ရပ် ၇ ဖွဲ့အနေနဲ့ EAO ၁၂ ဖွဲ့ လက်ခံထားတဲ့ ဖက်ဒရယ်မူကို စွဲကိုင်ပြီး ရှေ့ခရီးဆက်လက်ချီတက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာမသိမ်းခင်ကာလ အပစ်ရပ်ထိုး EAO ၁၀ ဖွဲ့အပါအဝင် ကချင်အဖွဲ့ KIO နဲ့ ကရင်နီအဖွဲ့ KNPP တို့ ၂ နှစ်ကြာ ဆွေးနွေးခဲ့တဲ့ ဖက်ဒရယ်အခြေခံမူ ၂၄ ချက်ပါတဲ့ ဘုံသဘောတူညီချက် စာတမ်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ နှောင်းပိုင်းမှာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာပါ။
အဲဒီစာတမ်းဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လိုလားတဲ့ အာဏာခွဲဝေမှုရှိတဲ့ ဖက်ဒရယ်စနစ်အပါအဝင် ပြည်နယ်တွေမှာ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲခွင့်နဲ့ အုပ်ချုပ်ခွင့်စနစ်တွေ ပါဝင်တဲ့ ဖက်ဒရယ်အခြေခံမူ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီအခြေခံမူဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြား နှစ်ဘက်သဘောတူနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်မယ့် အခြေခံအချက်တွေ ရရှိဖို့ ကြိုးပမ်းနေချိန်မှာပဲ စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းမှုနဲ့ အဆုံးသတ်စေခဲ့တာပါ။
အပစ်ရပ် ၇ ဖွဲ့ရဲ့ မျက်နှာစုံညီအစည်းအဝေးမှာတော့ အဖွဲ့ရဲ့ စုဖွဲ့မှုပုံစံအသစ်အတွက် ပြင်ဆင်ထားတဲ့ နိုင်ငံရေးဆိုင်ရာအဆိုပြုချက်တွေ (မူကြမ်း)နဲ့ စုဖွဲ့မှုအသစ်ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း)တွေကို အကြေအလည်ဆွေးနွေးပြီး အတည်ပြုသွားဖို့ ရှိနေပါတယ်။
ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း) ကို အတည်ပြုနိုင်ရင် စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းပြီး အဲဒါပြီးရင် ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း သေချာလိုက်နာလုပ်ဆောင်နိုင်မှသာ အလုပ်ဖြစ်မယ်လို့ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အပစ်ရပ် ၇ ဖွဲ့ ဟာ ပြိုလဲနေတဲ့ NCA လမ်းကြောင်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာဖြစ်ပြီး လက်တွေ့လုပ်နိုင်တာ မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူတို့က စစ်ကောင်စီရဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ အင်အားမရှိတော့တဲ့ တကယ့် နိုင်ငံ့နယ်မြေ မရှိတော့တဲ့ အင်အားစုက အများစုဖြစ်ပါတယ်။ဘာမှလည်း လက်တွေ့ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။သူတို့က တကယ်ကျတော့ စစ်ကောင်စီရဲ့ ပြိုလဲကျဆုံးနေတဲ့ NCA လမ်းကြောင်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး လက်တွေ့ဘာမှ အကောင်အထည်ဖော်နိုင်တဲ့အလုပ် လုပ်နိုင်တာ မရှိပါဘူး”လို့ ဆိုပါတယ်။
အပစ်ရပ် ၇ ဖွဲ့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဖိတ်ခေါ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ၆ ကြိမ်ထက်မနည်း အုပ်စုလိုက်ဖြစ်စေ တစ်ဖွဲ့ချင်းဖြစ်စေ တက်ရောက်ဆွေးနွေးထားကြပါတယ်။
လက်ရှိမှာတော့ အဲဒီအပစ်ရပ် ၇ ဖွဲ့ထဲက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က စစ်ကောင်စီနဲ့ အခုနှစ်ဆန်းပိုင်းမှာ ရှမ်းပြည်နယ် တောင်ပိုင်းက ဆီဆိုင်မြို့ပြာကျတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တာပါ။
ဒါ့အပြင် မွန်ပြည်သစ်ပါတီ NMSP ကနေ နိုင်ဇေယျာဦးဆောင်တဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေး မွန်ပြည်သစ်ပါတီ AD အဖြစ် အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးအင်အားစုတွေနဲ့အတူ တိုက်ခိုက်သွားမယ်လို့ စစ်ကြေညာထားပါတယ်။
အပစ်ရပ် ၇ ဖွဲ့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးနဲ့ မွန်ပြည်သစ်ပါတီတို့ ပါဝင်ပါတယ်။
သတင်း – သံလွင်တိုင်းမ်