ထားဝယ်၊ မတ် ၂၀

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၂၀ ကျော် ရိုက်နှက်တိုက်ပိတ်ခံရတယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN က မတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက်နဲ့ ၁၅ ရက်နေ့တို့မှာ ထားဝယ်အကျဉ်းထောင်အတွင်း စစ်ကောင်စီတပ်၊ရဲတပ်ဖွဲ့နဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ပူးပေါင်းတပ်ဖွဲ့တွေက အထူးစစ်ဆေးရေး ဝင်ရောက်လုပ်ဆောင်ခဲ့တာပါ။

အဲဒီစစ်ဆေးရေးမှုအတွင်း နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတချို့မှာ  ဖုန်းတွေ့ရှိတယ်ဆိုပြီး  အကျဉ်းသား ၂၀ ကျော်ကို အပြင်းထန်ရိုက်နှက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိပါတယ်။

ရိုက်နှက်နှိပ်စက်ခံရသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့ ခေါင်းကွဲဒဏ်ရာ၊ ခြေကျိုးဒဏ်ရာ၊ မျက်နှာဖူးရောင်နဲ့ ခန္ဒာကိုယ်အညိုအမည်းစွဲဒဏ်ရာတွေ ရရှိထားပါတယ်။

ရိုက်နှက်တိုက်ပိတ်ခံရတဲ့ အကျဉ်းသားတွေဟာ ဒီကနေ့အထိ ပြန်မထွက်လာသေးသလို သူတို့တွေရဲ့ လုံခြုံရေး စိုးရိမ်ရတယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့ ညပိုင်းကလည်း ထားဝယ်ထောင်ကနေ အကျဉ်းသားနှစ်ဦးကို စစ်ကောင်စီတပ်က အနက်ရောင်ခေါင်းစွပ်စွတ်ပြီး ထောင်ဝင်းအပြင် ခေါ်ထုတ်သွားကာ ဒီကနေ့အထိ ထောင်ထဲပြန်ရောက်မလာသေးဘူးလို့ DPPN က ဆိုပါတယ်။

DPPN ရဲ့ ထုတ်ပြန်ချက်အရ တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသားတွေကို စစ်ကောင်စီက ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၆ လထပ်တိုးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းကလည်း ထားဝယ်ထောင်မှာ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ ဝင်ရောက်စစ်ဆေးစဉ် မူးယစ်ဆေးဝါးနဲ့ လက်ကိုင်ဖုန်းမိတယ်လို့ဆိုပြီး အကျဉ်းသားတွေကို ရိုက်နှက်စစ်ဆေးတာ၊ ခြေချင်းခတ်တာနဲ့ တိုက်ပိတ်တာတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။

ထားဝယ်အကျဉ်းထောင်မှာ အကျဉ်းသား တစ်ထောင်ကျော်ရှိပြီး အဲဒီထဲက အကျဉ်းသား ၄၀၀ ကျော်ဟာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.