ကျိုက်ထို၊ မတ် ၁၈
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဖို့ကြိုးစားနေသူအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး အပြစ်ပေးအရေးယူသွားမယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က သတိပေးကြေညာချက် ထုတ်ပြန်ပါတယ်။
မတ် ၁၇ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ KRF ရဲ့ သတိပေးစာမှာတော့ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီလက်အောက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေ ရပ်ကွက်၊ ကျေးရွာအုပ်စုတစ်စုလျှင် လူငယ် ၁၀ ဦး စစ်မှုထမ်းဖို့ စာရင်းတွေ ကောက်ယူနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာမှာ ပါဝင်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ စစ်ကောင်စီ ဒေါက်တိုက်မှန်သမျှကို အပြစ်ပေးအရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
KRF ပြန်ကြားရေးတာဝန်ခံကတော့ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေသူတွေကို အဖွဲ့ဝင်အားလုံးနဲ့ တိုင်ပင်ပြီး စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်တိုက်ခိုက်သွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်မှုထမ်းဥပဒေဟာ စစ်ကောင်စီက သူတို့အကျိုးအတွက် နောက်ဆုံးအနေနဲ့ ပြည်သူတွေကို ချနင်းဖို့ကြိုးစားနေတာ ဖြစ်တဲ့အတွက် လူငယ်လူရွယ်တွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေထံ ဝင်ရောက်အမှုထမ်းဆောင်ကြဖို့ တိုက်တွန်းတာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လဒုတိယအပတ်ကစလို့ စစ်မှုထမ်းဖို့ စာရင်းကောက်ယူတာတွေ လုပ်ဆောင်နေပြီး စစ်မှုမထမ်းချင်တဲ့ လူငယ်တွေက တိမ်းရှောင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
အလားတူ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ကလည်း ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ လူငယ်တွေကို စစ်ကောင်စီထံ စစ်မှုထမ်းဖို့ ပို့ဆောင်ပါက ထိရောက်စွာ အရေးယူသွားမယ်လို့ မတ် ၁၅ ရက်နေ့မှာ အမိန့်ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်