ကျောက်ကြီး၊ မတ် ၁၉
KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နှစ်လခွဲအတွင်း အရပ်သားပြည်သူ ၁၃ ဦး သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အရေးပေါ် ကူညီကယ်ရေးကော်မတီ လယ်ဒိုကော်ဆာက ထုတ်ပြန်ပါတယ်။
အခုနှစ် ဇန်နဝါရီလကနေ မတ်လ ၁၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်ရဲ့ တောင်ပိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ အမြောက်တပ်၊ ကြည်းတပ်၊ လေတပ်တွေကနေ ကျောက်ကြီးမြို့နယ် ကျေးရွာတွေထဲကို လက်နက်ကြီးအလုံးရေ စုစုပေါင်း ၆၀၈ လုံး၊ လေတပ်ကနေ ဗုံးသီး ၄ လုံး ဗုံးကြဲပစ်ခတ်ခဲ့တဲ့အပြင် အော်လီဂန်းစက်သေနတ်နဲ့လည်း ၄၃ ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီလို စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄၁ ဦး ထိခိုက်ခဲ့ပြီး ၁၃ ဦးသေဆုံးခဲ့ကာ လူနေအိမ်စုစုပေါင်း ၅၄ လုံးအပါအဝင် သံဃာဆေးရုံ၊ ပြည်သူ့ဆေးခန်းတွေ ထိခိုက်ပျက်စီးသွားတဲ့အပြင် နွား ၁၆ လည်း ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အပြစ်မဲ့ပြည်သူလူထုရဲ့ လူမှုဘဝလုံခြုံမှုကင်းမဲ့စွာ အသက်ရှင်နေထိုင်ရပ်တည်နေရတယ်လို့ ကရင်အရေးပေါ် ကူညီကယ်ရေးကော်မတီ လယ်ဒိုကော်ဆာက ဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုနေတဲ့ ဘယ်အဖွဲ့အစည်း လူပုဂ္ဂိုလ်တို့ကို ပြင်းထန်စွာရှုံ့ချပြီး အကြမ်းဖက်မှု ကျူးလွန်အားပေးလှုံ့ဆော်နေတာတွေကို ရပ်တန်ဖို့ တောင်းဆိုတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်လုပ်ရပ်တွေ တိုက်ရိုက်ခံစားနေရတဲ့ ပြည်သူလူထုတွေနဲ့ စစ်ဘေးရှောင်ပြည်သူလူထုတွေရဲ့ လုံခြုံရေး စားဝတ်နေရေး ကျန်းမားရေ ပညာရေး အစရှိတဲ့ လိုအပ်နေမှုတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တောင်းဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU