ဘန်ကောက်၊ မတ် ၁၉

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြဿနာတွေကို ကူညီဖြေရှင်းရေး ထိုင်းလွှတ်တော်ရဲ့ နိုင်ငံခြားရေးဆိုင်ရာကော်မတီက အချက်လေးချက်ပါ အစီအစဉ်တစ်ရပ် တင်သွင်းထားပါတယ်။

ဖျူထိုင်းပါတီ လွှတ်တော်အမတ် ကော်မတီ ဥက္ကဋ္ဌ နော်ပါဒွန် ပတ်တာမာက မိမိတို့ကော်မတီအနေနဲ့ မြန်မာနိုင်ငံအခြေအနေကို စောင့်ကြည့်နေပြီး ပြဿနာအဆုံးသတ်ရေး ကြိုးပမ်းမှု အားလုံးကို ထောက်ခံတယ်လို့ ဆိုခဲ့တာပါ။

ထိုင်းအစိုးရက စုပေါင်းတုံ့ပြန်မှုတစ်ရပ်ပြုလုပ်ရေး အထောက်ကူဖြစ်စေမယ့် အချက် ၄ ချက်ပါ အဆိုပြုချက်တစ်ရပ်ကို ကော်မတီက တင်သွင်းထားတယ်လို့ သူကပြောပါတယ်။

အစိုးရအနေနဲ့ မြန်မာနိုင်ငံက အခြေအနေကို စောင့်ကြည့်ဖို့ လုံခြုံရေးအရာရှိတွေ၊နိုင်ငံခြားရေး အရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ အထူးအဖွဲ့တစ်ခု ဖွဲ့စည်းသင့်ပြီး ပြီးပြည့်စုံတဲ့ တုံ့ပြန်မှုတစ်ရပ် ပြုလုပ်သင့်တယ်လို့ သူက ဆိုပါသေးတယ်။

ဒါ့အပြင် နယ်စပ်ဒေသတွေမှာ ခိုလှုံဖို့ ကြိုးပမ်းသူအရေအတွက် ပိုများလာစေနိုင်တဲ့ တိုက်ပွဲ အရှိန်မြင့်တက်လာနိုင်ခြေကို ဖြေရှင်းရေး အရေးပေါ်အစီအစဉ်တစ်ရပ် ရေးဆွဲသင့်တယ်လို့လည်း ဖျူထိုင်းပါတီ လွှတ်တော်အမတ်က သတိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီလအတွင်း စစ်မှုထမ်းဥပဒေကို အရှိန်မြှင့် အကောင်အထည်ဖော်သွားမှာ ဖြစ်တဲ့အတွက် တိုက်ပွဲတွေ အရှိန်မြင့်တက်လာနိုင်တယ်လို့လည်း ဆိုထားပါတယ်။

အစိုးရက ကျေးရွာသုံးရွာမှာ ခိုလှုံနေသူ တစ်သောင်းအတွက် မဟုတ်ဘဲ ပဋိပက္ခကြောင့် ထိခိုက်မှုရှိသူအားလုံးအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီပေးမှု တို့ချဲ့သင့် သလို ပြီးပြည့်စုံတဲ့ အကူအညီပေးရေးမှာ အာဆီယံ ပါဝင်သင့်တယ်လို့သူက ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာအရေးဖြေရှင်းရာမှာ ဦးဆောင်အခန်းကဏ္ဍက ပါဝင်သင့်ပြီး ကူညီပေးနေတဲ့ နိုင်ငံအနေအထား ထက်ကျော်လွန်ပြီး ကြိုးပမ်းမှုတွေ ပိုမိုတိုးမြှင့်သင့်တယ်လို့ အသိပေးခဲ့ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ထိုင်းအစိုးရက ထိုင်း၊အာဆီယံ ဥက္ကဋ္ဌ၊တရုတ်၊အိန္ဒိယတို့နဲ့ ဖွဲ့စည်းမယ့် အဖွဲ့တစ်ခုကို ဦးဆောင်ပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက် တွန်းအားပေးလုပ်ဆောင်သင့်သလို အဲဒီအဖွဲ့ဟာ တရားဝင်မဟုတ်တဲ့ အတိုင်ပင်ခံ ယန္တရားဖြစ်လာလိမ့်မယ်လို့ သူက ပြောခဲ့ပါသေးတယ်။

ဒီအဆိုပြုထားတဲ့ ယန္တရားဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်နဲ့ ကိုက်ညီမှုရှိတယ်လို့လည်း မစ္စတာ နော်ပါဒွန်က ပြေပါတယ်။

မြန်မာ့အရေးဟာ ရှုပ်ထွေးမှုတွေရှိနေပေမယ့် အာဆီယံနဲ့ ထိုင်းက ငြိမ်းချမ်းရေးအတွက် တွန်းအားပေးဖို့ အရမ်းကြီး ခက်ခဲနေတာမဟုတ်ဘူးလို့ ဆိုထားပြီး အဲဒီအချက်တွေကိုပြုလုပ်နိုင် ပါက တစ်ကမ္ဘာလုံးဟာ ထိုင်းနိုင်ငံကို အသိအမှတ်ပြုလာမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ထိုင်းအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးရေးစောစောပိုင်း အစီအစဉ်အရ ပထမဆုံးအကူအညီပေးရေး ယာဉ်တန်းဟာ ထိုင်း-မြန်မာ တံတားကတဆင့် မြန်မာနိုင်ငံထဲကို မတ် ၂၅ ရက်နေ့မှာ ဝင်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.