မြဝတီ၊ မတ် ၁၅

နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်းညီနောင်ဒေသမှာ နေရပ်ပြန်လာပြီး ပစ္စည်းလာယူတဲ့ စစ်ရှောင်အမျိုးသား တစ်ဦး လည်လှီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၄ ရက်နေ့က နေရပ်ပြန်လာတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားဟာ ရွာသစ်ကျေးရွာ ပိတောက်လမ်းကြား မြောင်းထဲ လည်လှီးသတ်ဖြတ်ခံရပြီး သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာပါ။

“သူတို့ မိသားစုက တိုက်ပွဲဖြစ်ကတည်း မြဝတီမှာ စစ်ရှောင်နေကြတာ၊ သိရသလောက်က သူတို့ ငှားထားတဲ့ အိမ်မှာ လိုအပ်တဲ့ ပစ္စည်းလာယူရင်း အသတ်ခံလိုက်ရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတ်ဖြတ်ခံထားရတဲ့ အမျိုးသားအလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ကောက်ယူပြီး မြဝတီဆေးရုံထံ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

စစ်ရှောင်အမျိုးသားလည်လှီး သတ်ဖြတ်ခံရမှုဟာ လက်သည်မပေါ်ဘဲ ရှိနေပြီး လည်လှီးသတ်ဖြတ်ခံရတဲ့ ကျေးရွာမှာ စစ်ကောင်စီတပ်အပြင် KNLA တော်လှန်ရေးအင်အားစုအဖွဲ့တွေလည်း စစ်ရေးလှုပ်ရှားနေတာပါ။

သင်္ကန်းညီနောင်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံတွေဟာ သောင်ရင်းမြစ်နံဘေးနဲ့ စစ်ဘေးလွတ်ရာနေရာတွေထံ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သင်္ဃန်းညီနောင်ဒေသမှာ ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ ခမရ ၃၅၅ တပ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ၁၀ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲ တိုက်ခိုက်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

သင်္ဃန်းညီနောင်တိုက်ပွဲကြောင့် ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိသလို အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.