ပုလော၊ မတ် ၁၅

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လေးမိုင်ကျေးရွာက အရပ်သား ၁ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံရဲဘော်တွေထံက သိရပါတယ်။

အင်းအား ၇၀ ဝန်းကျင်နဲ့ ပုလောမြို့နယ် ငါးမိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား မနေ့ မတ် ၁၄ ရက် နေ့လည် ၁၁ နာရီ အချိန်ခန့်မှာ  နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲ့ဒီနောက် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် လေးမိုင်ကျေးရွာက အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးသလို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် လေးမိုင်ကျေးရွာနဲ့ ငါးမိုင်ကျေးရွာအပါအဝင် အနီးအနားကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့မှာလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လေးမိုင်ကျေးရွာက ဒေသခံ အရပ်သား ၅ ဦး လက်နက်ကြီးစ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေး ရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.