ကျိုက်မရော ၊ မတ် ၁၅

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီမှာ စစ်မှုထမ်းဖို့ လူငယ်တွေကို ပို့ဆောင်တာတွေ မပြုလုပ်ကြဖို့ မွန်ပြည်သစ်ပါတီ AD က မတ် ၁၅ ရက်နေ့ ရက်စွဲနဲ့ သတိပေးအမိန့်ထုတ်ပြန်ပါတယ်။

တကယ်လို့ ကျေးရွာတစ်ရွာက အုပ်ချုပ်ရေးမှူးဟာ အမိန့်ထုတ်ပြန်ချက်ကို မလိုက်နာဘဲ စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်ထံ ပို့ဆောင်မယ်ဆိုရင် ပြတ်ပြတ်သားသားအရေးယူသွားမယ်လို့ NMSP-AD နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ဒေသ ၂ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မွန်ပြည်သစ်ပါတီ AD ရဲ့ အမိန့်ထုတ်ပြန်ချက်အရ မတ် ၁၃ ရက်နေ့က ကျိုက်မရောမြို့နယ်ရှိ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စုခေါ်ပြီး ပြည်သူ့စစ်မှုထမ်းဖို့ အယောက် ၁၀၀ လျာထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာအကြီး အသေးပေါ်မူတည်ကာ ကျေးရွာအလိုက် ဒေသခံအရပ်သား ၂ ဦးကနေ ၁၀ ဦးအထိ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ပြီး မတ် ၂၀ ရက်နေ့ နောက်ဆုံးထား ပို့ဆောင်နိုင်ဖို့ ညွန်ကြားထားတာ ဖြစ်ပါတယ်။

ပြည်တွင်းစစ်ပြင်းထန်နေတဲ့ လက်ရှိအချိန်ကာလမှာ စစ်ကောင်စီကနေ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အကောင်အထည်ဖော်တာဟာ တိုင်းပြည်နဲ့ လူငယ်အတွက် အကျိုးယုတ်စေတာကြောင့် မွန်ပြည်သစ်ပါတီ AD ရော တော်လှန်ရေးအဖွဲ့တွေရော အရပ်သားပြည်သူအဖွဲ့အစည်းအသီးသီး က ဆန့်ကျင်နေကြတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် ထိတွေ့တိုက်ပွဲမဖြစ်ပွားတဲ့ ရန်ကုန်မြို့ကြီးအပါအဝင် အာဏာစက်ရဲ့ ဗဟိုဌာနချုပ် နေပြည်တော်အတွင်းရှိ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ စာရင်း‌ကောက်ယူနေပြီး ဆင့်ခေါ်စာလည်း ပေးပို့နေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာလည်း စစ်မှုထမ်းဥပဒေအရ ကျုံးဝင်အသက်မှာပါဝင်နေသူတွေကို ကျေးရွာ အုပ်စုတစ်စုမှာ ၁၀ ယောက်နှုန်း စာရင်းပေးဖို့နဲ့ စာရင်းပေးပို့ရာမှာလည်း မတ်လနောက်ဆုံး အပတ်အတွင်း မဖြစ်မနေ စာရင်းပေးပို့ကြဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

စစ်မှုထမ်းဥပဒေအရ အမျိုးသားဖြစ်ရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးဖြစ်ရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပြီး ငြင်းဆန်ရင်တော့ အမြင်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားတာပါ။

စစ်မှုထမ်းအပတ်စဉ်(၁)ကိုတော့ လာမယ့်ဧပြီလ သင်္ကြန်အပြီး စတင်ခေါ်ယူသွားမှာဖြစ်ပြီး တစ်လမှာ အယောက် ၅၀၀၀ နှုန်းနဲ့  တစ်နှစ်မှာ အယောက် ၆၀၀၀၀ စစ်မှုထမ်းဖို့ ဆင့်ခေါ်သွား မယ်လို့ စစ်ကောင်စီက ထုတ်ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NMSP AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.