ရေး၊ မတ် ၁၄

မွန်ပြည်နယ် ရေးမြို့နယ် ရေး-ချောင်းတောင်မြစ်ကူးတံတား စစ်ဆေးရေးဂိတ်ကို ဒီနေ့ မတ် ၁၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်၊ရဲတပ်ဖွဲ့အပြင် ပြည်သူ့စစ်အဖွဲ့တွေပါ တပ်စွဲထားတဲ့ ချောင်းတောင်တံတားဂိတ်ကို ရေးဘီလူးအဖွဲ့က ကားတစ်စီးနဲ့ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ချောင်းတံတားဂိတ် တိုက်ခိုက်ခံရတာကြောင့် ငွေကြေးကောက်ခံနေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီကနေ ချောင်းတောင်တံတား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး နေ့လည် ၁၂ နာရီအချိန်အထိ သွားလာလို့ မရသေဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပစ်ခတ်မှုပြီးနောက် ရေးအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သလို မြို့တွင်းမှာလည်း လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်းကလည်း ချောင်းတောင်တံတားဂိတ်ကို သူတို့အဖွဲ့က ဝင်ရောက်တိုက် ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ရေးဘီလူးအဖွဲ့ဟာ မွန်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေ ဖော်ဆောင်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အသွားအလာသတိထားကြဖို့ ပြီးခဲ့တဲ့ မတ် ၁၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ရေးဘီလူး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.