မော်လမြိုင် ၊ မတ် ၁၄

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ် ဖေဖော်ဝါရီလကုန်အထိ တိုင်းနဲ့ပြည်နယ် ၁၁ ခုရှိ မြို့ နယ်ပေါင်း ၈၀ နီးပါးမှာ ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတယ်လို့ လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားနေတဲ့ အသံအဖွဲ့က ထုတ်ပြန်ပါတယ်။

မတ် ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အသံအဖွဲ့ရဲ့ အချက်အလက်တွေအရ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်းအပါအဝင် ပြည်နယ်မှာတော့ ကရင်ကလွဲရင် ကျန်တဲ့ ပြည်နယ်တွေ အားလုံးဟာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာပါ။

အဲဒီထဲက စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာတော့ မြို့နယ်အားလုံးဟာ အခုနှစ် ဇန်နဝါရီကစပြီး ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာပါ။

အသံအဖွဲ့ကနေ ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေပိုင်းအထိ MyTel ဖုန်းလိုင်းတွေ အသုံးပြုနိုင်ခဲ့ပေမယ့် ၁၇ ရက်နေ့ကစတင်ပြီး ဖုန်းလိုင်းတွေအပြင် အင်တာနက်လိုင်းတွေ အိမ်သုံးဝိုင်ဖိုင်လိုင်းတွေပါ ဖြတ်တောက်ထားပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လှုပ်ရှားမှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာလည်း မြို့နယ် ၂၇ ခုမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ အခုနှစ်အထိ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပါတယ်။

စစ်ကိုင်းတိုင်းက လက်လွတ်ခံထားရတဲ့ ကောလင်းမြို့နယ်ကို စစ်တပ်ကအင်အားအလုံးအရင်းအ သုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသလို တချိန်တည်းမှာ အဲဒီဒေသအတွင်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်ထောက်ထားတယ်လို့ အသံအဖွဲ့က ဆိုပါတယ်။

အင်တာနက်ဖြတ်တောက်ထားတဲ့ အဓိကအကြောင်းရင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခြင်းကြောင့် စစ်အုပ်စုရဲ့ လက်စွဲဖြစ်တဲ့ ဖြတ်လေးဖြတ်နည်းဗျူဟာကို တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်‌ဒေသမှာ ဆက် လက်ကျင့်သုံးနေတာပါ။

ဒါဟာ ဒေသခံပြည်သူတွေကို သတင်းအချက်အလက်စီးဆင်းမှုကို ဖုံးကွယ်ထိန်ချန်နိုင်ဖို့အပါအဝင် တော်လှန်ရေးလုပ်ငန်းတွေနဲ့ ချိတ်ဆက်မှုတွေကို ဖြတ်တောက်နိုင်ရေးအတွက် ရည်ရွယ်ရှိရှိ ဖိနှိပ်နေတာလို့ အသံအဖွဲ့ကဆိုပါတယ်။

အကျိုးဆက်အနေနဲ့ ဒေသတွင်းပြည်သူတွေ သတင်းမှန်ရရှိဖို့ ခက်ခဲတာ၊ဘဏ်လုပ်ငန်းတွေနဲ့ အင်တာနက်ကို အခြေပြုလုပ်ကိုင်နေရတဲ့ ငွေလွှဲလုပ်ငန်းတွေအပြင် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းတွေပါ ရပ်တန့်လုနီးပါးအခြေအနေ ရောက်ရှိနေတယ်လို့ အသံအဖွဲ့က ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.