မော်လမြိုင် ၊ မတ် ၁၄

မြန်မာငွေတန်ဖိုးကျဆင်းမှုနဲ့အတူ ထိုင်းဘတ်ငွေဈေးနှုန်းဟာ အခုလအတွင်း စံချိန်တင်ဈေးနှုန်းကြီးမြင့်လာတာကြောင့် ထိုင်းကုန်ပစ္စည်းဈေးနှုန်း ထပ်မံမြင့်တက်လာတယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီနောက်ဆုံးအပတ်က တစ်ဘတ်ကို ၉၈ ကျပ်သာ ရှိခဲ့တဲ့ ဘတ်ငွေဈေးနှုန်းဟာ လက်ရှိမှာတော့ တစ်ဘတ်ကို ကျပ် ၁၀၅ ကျပ်အထိ စံချိန်တင်ဈေးနှုန်း မြင့်တက်လာခဲ့တာပါ။

ဘတ်ငွေဈေးနှုန်းကြီးမြင့်မှုကြောင့် ထိုင်းကုန်ပစ္စည်းဈေးနှုန်းတွေကလည်း ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီး အနည်းဆုံးကျပ် ၁၀၀၀ ကနေ ကျပ် ၃၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာခဲ့ပါတယ်။

ထိုင်းဘတ်ငွေဈေးနှုန်းဟာ ပြည်တွင်းငွေကြေးဖောင်းပွမှု ပြဿနာနဲ့အတူ ရွှေအပါအဝင် ဒေါ်လာဈေးနှုန်းတွေ ထပ်မံမြင့်တက်လာတဲ့အတွက် ဈေးနှုန်းမြင့်တက်လာတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။

နယ်စပ်ကုန်သည်တစ်ဦးက ထိုင်းကုန်ပစ္စည်း ဈေးနှုန်းတွေ မြင့်တက်လာရတာဟာ ဘတ်ဈေးတွေ ၅ ရာခိုင်နှုန်းလောက် မြင့်တက်လာတဲ့အတွက်ဖြစ်ပြီး ပြည်တွင်းငွေကြေး ဖောင်းပွမှုမြင့်တက်လာမှုကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

“ဘတ်ဈေးတက်တာ၊ ဘတ်ငွေက ၅ ရာခိုင်နှုန်းလောက် တက်တာပေါ့ကွာ။ အခု ဈေးတက်တယ်ဆိုတာက တိုက်ပွဲနဲ့ မဆိုင်ဘူး။ ဒီနိုင်ငံခြားသုံးငွေ မြင့်မားတဲ့အတွက်ကြောင့်မို့ ဝယ်ရတဲ့ပစ္စည်းဈေးတွေ မြင့်သွားတဲ့အတွက်ကြောင့်မို့လို့ သူကတက်သွားတာ။ ပြည်တွင်းငွေကြေး ဖောင်းပွမှုပေါ့။ Inflation မြင့်လာတယ်ဆိုတဲ့ သဘောပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်ကို ထိန်းချုပ်ခြင်းမရှိဘဲ လွတ်ထားတဲ့ သဘောရှိသလို ငွေကြေးဖောင်းပွမှုကို အချိန်မီမထိန်းချုပ်နိုင်ပါက ဘတ်ငွေအပြင် တခြားငွေကြေးတွေပါ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ သူကသုံးသပ်ပါတယ်။

နောက်ထပ် ကုန်သည်တစ်ဦးကတော့ ထိုင်းကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာတာဟာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့မဆိုင်ဘဲ လမ်းတွေပိတ်မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဈေးနှုန်းတွေ နည်းနည်းဆွဲတင်တာနဲ့ ဘတ်ငွေဈေးနှုန်းကြီးမြင့်မှုကြောင့်လို့ ပြောပါတယ်။

“တိုက်ပွဲနဲ့တော့မဆိုင်ဘူး။ လမ်းလွဲတယ်။ မြို့တစ်မြို့တည်း ညီနောင်မှာပဲဖြစ်နေတာ။ ဒီတိုက်ပွဲက ကျွန်တော်တို့ ဒီမြို့ထဲဘက်တို့ ရောက်မှမရောက်တာ။ လမ်းကြောင်းက အေးဆေးပါပဲ။ လမ်း ကြောင်းက ကုန်စည်စီးဆင်းမှုနဲ့ ဘာမှမဆိုင်ဘူး။ လမ်းကြောင်းက ဖြစ်တဲ့နေရာနဲ့ ဒီကုန်သွယ်မှုလမ်းကတော့ ဘာမှမဖြစ်ဘူး။ ကုန်သွယ်ရေးကတော့ ဒီတိုင်းနည်းနည်း ဈေးဆွဲတင်တာပါပဲ။ လမ်းတွေပိတ်မလား မသိတော့ ပစ္စည်းကို နည်းနည်းလေး ဈေးနည်းနည်း ပြန်ခေါ်တင်တာပေါ့။ ငွေဈေးကစားတာလည်းပါမှာပေါ့”လို့ ဆိုပါတယ်။

ထိုင်းကုန်ပစ္စည်းတွေဟာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာကုန်သွယ် ရေးအတွက် အဓိကအချက်ချာကျတဲ့ အာရှလမ်းမကြီး အသုံးပြုခွင့် ပိတ်ပင်ထားတာကြောင့် ထို့ကော်ကိုးလမ်းကြောင်းကနေသာ ကုန်သွယ်နေရတာပါ။

ထို့ကော်ကိုးလမ်းကြောင်းမှာ အဖွဲ့ပေါင်းစုံက လမ်းကြေးအဆမတန်ကောက်ခံမှုကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် ပိုမိုကုန်ကျတဲ့အတွက်လည်း ကုန်ပစ္စည်းဈေးနှုန်းအပေါ် ရိုက်ခတ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ထိုင်းကုန်ပစ္စည်းတွေဟာ ဘတ်ဈေးနှုန်း မြင့်တက်နေတာ၊ ဂိတ်ကြေး ပိုမိုပေးဆောင်နေရတာအပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် သင်္ကြန်ကာလမတိုင်မီအထိ ဈေးနှုန်းဆက်လက် မြင့်တက်လာနိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံကနေ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နဲ့ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေအပါအဝင်အထွေထွေသုံး ကုန်ပစ္စည်းတွေကို အဓိကတင်သွင်းနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.