တနင်္သာရီ၊ မတ် ၁၄

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် အရပ်သား ၂၄၀ နီးပါး ဖမ်းဆီးခံလိုက်ရတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးနဲ့ရေဖြူမြို့နယ်တို့ ၂၂၂ ဦး၊ မြိတ်မြို့နယ်က ၇ ဦး၊ ကော့သောင်းမြို့နယ်က ၆ ဦး၊ စုစုပေါင်း ၂၃၅ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ ကျေးရွာတွေထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် ဒေသခံတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးတာ၊ စစ်ကြောင်းတလျှောက် ဖမ်းဆီးခေါ်ဆောင်သွားတာ၊ CDM ဆရာမတွေဖမ်းဆီးခံရတာနဲ့ ဖမ်းဆီးစဉ် သေဆုံးတာတွေရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့သူ ၂၃၅ ဦးအနက် ၂၀၆ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် ကျန် ၂၉ ဦးဟာ အကြောင်းအမျိုးမျိုးပြပြီး အမှုဖွင့်ခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်နဲ့ လက်ဝေခံတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်မှု၊ စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၈ ဦး သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထဲ ဝင်ရောက်တာ၊ ပြည်ပနိုင်ငံတွေ ထွက်ခွာသွားတဲ့အတွက် ဒေ သတွင်းမှာ အလုပ်သမားရှားပါးမှု ပြဿနာရင်ဆိုင်ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ ဖေဖော်ဝါ ရီလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၄၈၈၀၀ ကျော်အထိရှိခဲ့တယ်လို့ သိရပါတယ် ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.