မော်လမြိုင် ၊ မတ် ၁၄

စစ်ကောင်စီကို လက်နက်အားနဲ့ ခုခံတော်လှန်တဲ့အဆင့်အလောက်နဲ့ တင်းတိမ်နေလို့မရဘဲ စစ်ရေးရလဒ်ထွက်အောင် လုပ်ဆောင်ဖို့ အထူးလိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာ ယီသမ္မတ ဒူဝါလရှီးလက သတိပေးပါတယ်။

မတ် ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက အဖွင့်မိန့်ခွန်းမှာ ပြည်ထောင်စုဝန်ကြီးချုပ်အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေကို ပြောဆိုခဲ့တာပါ။

ယာယီသမ္မတက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းအားလုံးဟာ လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲကို ပေါင်းစပ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ကြိုးစားနေကြတာလို့ ဆိုပါတယ်။

ဒါကြောင့် စစ်ရေးရလဒ်ထွက်အောင် လုပ်ဆောင်ဖို့ အထူးလိုအပ်ပြီး စစ်ကောင်စီ ထုတ်သုံးတဲ့ နိုင် ငံရေးဝှက်ဖဲတွေနောက်မှာ မျောမသွားဘဲ တန်ပြန်မှုတွေကို အမြော်အမြင်ရှိရှိ ပြတ်ပြတ်သားသားလုပ်ဖို့ တိုက်တွန်းတာပါ။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကိစ္စမှာလည်း စစ်ရေးတစ်ဝက်၊ နိုင်ငံရေးတစ်ဝက်ရောပြီး ခြေ လှမ်းစတင်နေတာကြောင့် တန်ပြန်တော်လှန်တဲ့အခါ နိုင်ငံရေးအရ လုပ်ဆောင်ရတာတွေရှိသလို စစ်ရေးအရ လုပ်ဆောင်ရတာတွေလည်း ရှိနိုင်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ဒါ့အပြင် စစ်ရေးကို စစ်ရေးလိုမျိုးပီပီပြင်ပြင် စဉ်းစားလုပ်ဆောင်ဖို့ဖြစ်သလို မဟာဗျူဟာနည်းနာကိုလည်း ကောင်းကောင်းသဘောပေါက်ဖို့ လိုတဲ့အတွက် စစ်ကောင်စီကို အနားပေးလို့ လုံးဝမရဘဲ သံပူတုန်းနာနာနှက်ရမယ်လို့ ဆိုပါတယ်။

စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ယာယီသမ္မတလက်အောက်မှာ တိုင်း ရင်းသား အဖွဲ့တွေလိုမျိုး စစ်‌ရေးခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်အင်အားမရှိတဲ့အတွက် လမ်းညွှန်ချက်သာပေးနိုင်ပြီး အ‌ကောင်အထည်ဖော်မှုမှာ သူ့ရဲ့ ဆုံးဖြတ်ချက် အဓိကမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“သူ့အနေနဲ့ သူ့အောက်က တခြားတိုင်းရင်းသားအဖွဲ့အစည်းတွေလို လက်နက်ကိုင်အဖွဲ့အစည်းတွေ အတွေ့အကြုံရှိတဲ့ စစ်ရေးခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်အင်အားမျိုးမရှိဘူး။ မရှိတဲ့အခါကျ လမ်းညွှန်ချက်သာ ပေးနိုင်တယ်။ လက်တွေ့လုပ်ဆောင်နိုင်တဲ့ အနေအထားမရှိတဲ့အတွက် သူပြောတဲ့ကိစ္စတွေဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စတွေ ဖြစ်သော်ငြားလည်း လက်တွေ့မှာ သူကိုယ် တိုင် ဦးစီးရှေ့ဆောင်မှုမပြုနိုင်တဲ့ စစ်ရေးနဲ့ပတ်သက်တဲ့ အခြေအနေအောက်မှာ သူပြောတဲ့အတိုင်း လိုက်နာလုပ်ဆောင်တဲ့ အဖွဲ့အစည်းကတော့ သိပ်မများလှဘူးလို့ ထင်ပါတယ်။ အဲဒါကြောင့်မို့ လက်တွေ့အကောင်အထည်ဖော်မှုမှာ သူ့ဆုံးဖြတ်ချက်နဲ့ သဘောထားတွေက အဓိကမဟုတ်ဘူးလို့ ကျွန်တော်မြင်ပါတယ်”လို့ ဆိုပါတယ်။

ယာယီသမ္မတကတော့ ခုခံတော်လှန်စစ်ရေးလှိုင်းတွေနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန် ရေး လှိုင်းတွေဟာ တိုက်ရိုက်ချက်ကြိုးသွယ်ထားနိုင်တဲ့ အခြေအနေရောက်ပြီဖြစ်သလို နွေဦးတော် လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေးတွေဟာ တစ်သားတည်း တစ်ထပ်တည်း ဖြစ်လာတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေထဲက ကချင်အဖွဲ့ KIO၊ ချင်းအဖွဲ့ CNF၊ ကရင်နီအဖွဲ့ KN PP၊ ကရင်အဖွဲ့ KNU နဲ့ မွန်အဖွဲ့ NMSP-AD တို့ကို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးအရ မဟာမိတ်ဖွဲ့ထားပါတယ်။

တစ်ဘက်မှာ အဲဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက တချို့အဖွဲ့နဲ့ NUG ရဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် PDF တပ်တို့ဟာ မြေပြင်စစ်ဆင်ရေးတွေမှာ ပူးတွဲပြီး စစ်ကောင်စီကို တိုက်ခိုက်နေကြတာလည်း ရှိနေတာပါ။

လတ်တလောမှာတော့ ကချင်နဲ့ကရင်မှာ ဒေသတွင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဦးဆောင်မှုနဲ့အတူ ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ ရဲစခန်းတပ်စခန်းတွေအ ပြင် တပ်ရင်းဌာနချုပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.