မော်စကို၊ မတ် ၁၃

ယူကရိန်းကို ကူညီဖို့အမေရိကန်နဲ့ ဥရောပထုတ်လုပ်နေတဲ့ လက်နက်ကြီးတွေထက် ရုရှားဟာ သုံးဆပိုပြီး ထုတ်လုပ်နေတယ်လို့  CNN သတင်းဌာနက ဖော်ပြထားပါတယ်။

ရုရှားဟာ တစ်လကို လက်နက်ကြီးကျည် ၂ သိန်းခွဲ ဒါမှမဟုတ် တစ်နှစ်ကို ၃ သန်းလောက် ထုတ်လုပ်နေတယ်လို့ နေတိုးထောက်လှမ်းရေးဌာနက ဆိုပါတယ်။

အမေရိကန်နဲ့ ဥရောပကတော့ ယူကရိန်းကို ပေးပိုဖို့ လက်နက်ကြီးကျည် တစ်နှစ် ၁ ဒသမ ၂ သန်း ထုတ်လုပ်နေတယ်လို့ ဥရောပ ထောက်လှမ်းရေး အရာရှိတစ်ဦးက CNN ကို ပြောခဲ့တာပါ။

လာမယ့် ၂၀၂၅ ခုနှစ်အကုန်မှာ အမေရိကန် စစ်တပ်က တစ်လကို လက်နက်ကြီးကျည် ၁ သိန်း ထုတ်လုပ်ဖို့ ရည်မှန်းထားပေမယ့် ဒီအရေအတွက်ဟာ ရုရှားထုတ်လုပ်နေတဲ့ အရေအတွက်ထက် နည်းပါးနေသေးတယ်လို့ သိရပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ ယူကရိန်းကိုထပ်ပြီးပေးမယ့် အကူအညီဒေါ်လာ ဘီလျံ ၆၀ ကို လွှတ်တော်က ခွင့်မပြုသေးတာကြောင့် အမေရိကန်ရဲ့ လက်နက်ကြီးကျည်ထုတ်လုပ်မှုတွေဟာ အများကြီး လျှော့ကျသွားပြီဖြစ်တယ်လို့ သိရပါတယ်။

နေတိုးအကြီးတန်းအရာရှိတစ်ဦးကတော့ အခုချိန်မှာ မိမိတို့ဟာ စစ်ပွဲအတွက် အပြိုင်အဆိုင် ထုတ်လုပ်နေရတယ်လို့ ပြောခဲ့ပါတယ်။

လက်ရှိမှာ ယူကရိန်းတပ်တွေဟာ တစ်ရက်ကို လက်နက်ကြီးကျည် ၂၀၀၀ ပစ်ခတ်နေရပြီး ရုရှား တပ်တွေကတော့ လက်နက်ကြီး ၁၀၀၀၀ လောက်ပစ်ခတ်နေတာပါ။

ယူကရိန်းကို လက်နက်တပ်ဆင်ပေးရေးကူညီဖို့ အမေရိကန်မှာ ငွေကုန်နေပြီး လွှတ်တော်ထဲက ရီပက်ပလေကန်တွေက နောက်ထပ်အကူအညီပေးဖို့ ငြင်းဆိုနေကြတယ်လို့ သိရပါတယ်။

သမ္မတဇီလန်စကီးကတော့ မိမိတို့အနေနဲ့ အနောက်တိုင်းရဲ့ လက်နက်ခဲယမ်းပေးပို့မှုမရှိပါက ရုရှားကို ရေရှည်ခုခံနိုင်ဖို့ မလွယ်ဘူးလို့ ငြီးတွားထားပါတယ်။

အမေရိကန်နဲ့မဟာမိတ်တွေက ယူကရိန်းကို M-1 Abrams သံချပ်ကာကားတွေအပါအဝင် အဆင့်မြင့် လက်နက်တွေပေးထားပြီး မကြာခင် F-16 တိုက်လေယာဉ်တွေပါ ပေးပို့ဖို့ ရှိတယ်လို့ သိရပါတယ်။

လေ့လာသူတွေကတော့ စစ်ပွဲအရှုံးအနိုင်ဟာ လက်နက်ကြီးကျည် ဘယ်လောက်ပစ်ခတ်နိုင်လဲ ဆိုတဲ့အပေါ် မူတည်နေတယ်လို့ ပြောထားပါတယ်။

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.