သထုံ၊ မတ် ၁၂

မွန်ပြည်နယ် သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု မြတ်စံကြီးကျေးရွာရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဦးရွှေလှဦးဟာ သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။

မတ် ၁၀ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က အသက် ၆၀ အရွယ် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌ ဦးရွှေလှဦး နေအိမ်အောက်ထပ်မှာရှိနေစဉ် လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ်ထဲဝင်ပြီး သေနတ်နဲ့ ပစ်ခတ်သွားတာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးရွှေလှဦးဟာ ရင်ဘတ်နဲ့နောက်ကျောမှာ ကျည်ထိမှန်ဒဏ်ရာရ ရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဦးရွှေလှဦးဟာ အာဏာသိမ်းပြီးကတည်းက NLD ပါတီလုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ကိုင်တာ မရှိတော့ဘဲ မိသားစုစီးပွားရေးကိုသာ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်လော်ဘီတွေကတော့ ဦးရွှေလှဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက သေနတ်နဲ့ ပစ်ခတ်သွားတာလို့ စွပ်စွဲပြောဆိုတာတွေ ရှိနေပါတယ်။

အဲဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒေသ PDF တပ်ဖွဲ့တွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ အစီရင်ခံစာအရ အာဏာသိမ်းကာလအတွင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ပါတီဝင် ၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.