ဘီးလင်း၊ မတ် ၁၂

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ ဘီးလင်း-တောင်စွန်းသွားလမ်း သံတံတားအနီးမှာ စစ်ကောင်စီလှည့်ကင်းကား ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ မတ် ၁၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က ကျိုက်ထိုကနေ တောင်စွန်းကျေးရွာဘက်ကို ဆိုင်ကယ်တစ်စီးတည်း စီနင်းလာတဲ့ ဒေသခံလူငယ် ၃ ဦးဟာ စစ်ကောင်စီလှည့်ကင်းကားနဲ့တိုးပြီး ပစ်ခတ်ခံခဲ့ရတာပါ။

သေနတ်နဲ့ပစ်ခံရတာကြောင့် တောင်စွန်းကျေးရွာနေ အသက် ၂၇ နှစ်အရွယ်တွေဖြစ်တဲ့ ဟူရှင်နဲ့မောင်ကျော်ခန့် (ခေါ်)ဂျိုးသိန်းတို့ သေဆုံးပြီး အသက် ၃၀ အရွယ် ကိုချစ်ကိုဟာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဒေသခံလူငယ် ၃ ဦးဟာ စစ်ကောင်စီလှည့်ကားက ရပ်တန့်စစ်ဆေးဖို့ လှမ်းအော်တားဆီရာကနေ မကြားဘဲ ဆက်လက်မောင်းနှင်းသွားတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခံရပြီးနောက် ပြင်ထန်းဒဏ်ရာရရှိခဲ့တဲ့ ကိုချစ်ကိုအား ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ကုသထားပြီး သေဆုံးသွားတဲ့ လူငယ် ၂ ဦးကိုတော့ ဒီနေ့ မတ် ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီမှာ သဂြိုဟ်မယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လူငယ် ၃ ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကားပေါ်ကနေ ခဏတာဆင်းကြည့်ပြီးနောက် ပြန်လှည့်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ သိရှိရပါတယ်။

ဘီးလင်းမြို့နယ်မှာ အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးဖို့ စစ်ကောင်စီဘက်က အမိန့်ထုတ်ပြန်ထားပြီး ရံဖန်ရံခါအမျိုးသား ၂ ဦး ဆိုင်ကယ်စီးသူတွေကို လိုက်လံဖမ်းဆီးပြီး ငွေတောင်းတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ ဝင်းတာပန်နဲ့လေးကေကျေးရွာကြား ဒေ သအခေါ် ပနောကွီးနေရာမှာ စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.