ထားဝယ်၊ မတ် ၁၂
တနင်္သာရီတိုင်း ထားဝယ်နဲ့သရက်ချောင်းမြို့နယ်တို့မှာ မနေ့ မတ် ၁၁ ရက်နေ့ တစ်ရက်တည်း ဒေသခံ ၂ ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထားဝယ်မြို့နယ် ဇဟာကျေးရွာနေ အသက် ၆၀ အရွယ် ဒေါ်နှင်းမူဟာ နေအိမ်က သူပိုင်တဲ့ သီဟိုဠ်ခြံကိုသွားပြီး သီဟိုဠ်စေ့သွားကောက်ချိန် ခြံထဲမှာပင် မြေမြှုပ်မိုင်းနင်းခဲ့တာပါ။
အလားတူ သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာ ဥတ္တူတံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီး ငါးသွားထောင်တဲ့ ဒေသခံ ဦးမြင့်စိုးဟာ မြေမြှုပ်နင်းမိပေါက်ကွဲမှုနဲ့ ကြုံခဲ့ရပါတယ်။
မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ ဒေသခံ ၂ ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ ထားဝယ်ဆေးရုံမှာ ခြေထောက်ဖြတ်တောက် ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒေသခံ ၂ ဦး မြေမြှုပ်မိုင်းပေါက်ကွဲမှု ကြုံခဲ့ရတဲ့ နေရာတွေဟာ စစ်ကောင်စီဂိတ်စခန်းတွေနဲ့ စစ်ကြောင်းလှုပ်ရှားခဲ့တဲ့ နေရာတွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းမှာ အခုနှစ်အတွင်း သရက်ချောင်း၊ ထားဝယ်နဲ့တနင်္သာရီမြို့နယ်တို့မှာ မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media