နေပြည်တော် ၊ မတ် ၁၂

နိုင်ငံအနှံ့တိုက်ပွဲတွေအတွင်း အရေးမလှစစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်တပ်ကနေ အငြိမ်းစားယူထားတဲ့ စစ်မှုထမ်းဟောင်းတွေကို အမြန်ဆုံးဆင့်ခေါ်နိုင်ဖို့ အရန်တပ်ဖွဲ့ နည်းဥပဒေကို မတ် ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အရန်တပ်ဖွဲ့ ဥပဒေကို အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စတင်အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အရန်တပ်ဖွဲ့ဥပဒေအား အသက်သွင်းပြီး တစ်လမပြည့်ခင်မှာပဲ စစ်မှုထမ်းဟောင်းတွေကို အမြန်ဆုံးဆင့်ခေါ်နိုင်ဖို့ အတွက် နည်းဥပဒေ ထုတ်ပြန်ကြေညာခဲ့တာပါ။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ အရန်တပ်ဖွဲ့နည်းဥပဒေမှာ အခန်း ၇ ခန်း၊ နည်းဥပဒေအပိုဒ်ပေါင်း ၂၇ ပိုဒ်နဲ့ နောက်ဆက်တွဲ ပုံစံ ၈ ခု ပါဝင်တယ်လို့ ဆိုထားပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြန်တာမရှိပါဘူး။

ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ စစ်ကောင်စီဘက်က အရန်တပ်ဖွဲ့ နည်းဥပဒေကို မြန်မြန်ဆန်ဆန် ထုတ်ပြန်တာဟာ စစ်သားဟောင်းတွေကို အမိန့်နဲ့အမြန်ဆုံး ဆင့်ခေါ်ဖို့အတွက် ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့စစ်သားတွေကိုပဲ ၅ နှစ် အမှုထမ်းခိုင်းမယ့် ဥပဒေမှာ သူတို့ကဘယ်လိုနည်းနဲ့ခေါ်မလဲ။ ဘယ် လိုအခွင့်အရေးတွေ ပေးမယ်။ ဘယ်လိုတွေ လိုက်နာရမယ်။ အဲဒါတွေကို ပြဋ္ဌာန်းတာလေ။ အမိန့်နဲ့ ခေါ်တာလေ။ မလိုက်နာလို့ရှိရင် ထောင် ၅ နှစ်ချမှာလေ။ ဒီတော့အမိန့်နဲ့ခေါပြီး စစ်သားတွေကို စုတယ်ဆိုတော့ စစ်မတိုက်ချင်တော့ဘူးပေါ့ဗျာ။ ရှင်းရှင်းပြောရင်။ သူတို့တိုက်ရင် လက်ရှိတောင် ရှုံးနေတဲ့ဟာကြီးကို စစ်သားဟောင်းကြီးတွေက မတိုက်ချင်တော့ဘူးလေ။ အဲဒါကို အမိန့်နဲ့ ခေါ်တာပေါ့နော်။ ဒါကြောင့် အမြန်ဆုံးဆွဲတာပေါ့နော်”လို့ ဆိုပါတယ်။

အရန်တပ်ဖွဲ့နည်းဥပဒေ ထုတ်ပြန်လိုက်တဲ့အတွက် မကြာမီကာလအတွင်း စစ်သားဟောင်းတွေကို အမြန်ဆုံးခေါ်ယူတော့မှာဖြစ်သလို စစ်သားဟောင်းအများစုဟာ ကျန်းမာရေး မကောင်းတာ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးထားတာအပြင် အသက်အရွယ်ကြီးရင့်နေတာဖြစ်တဲ့အတွက် ထိရောက်မှုရှိမှာမ ဟုတ်ဘူးလို့ ဦးကြီးမြင့်က သုံးသပ်ပါတယ်။

စစ်မှုထမ်းဟောင်းတစ်ဦးကလည်း စစ်သားဟောင်းတွေဟာ အသက်ရွယ်ကြီးရင့်ကုန်တာ၊ တပ်နဲ့အဆက်အသွယ် ပြတ်သွားတာတွေရှိတဲ့အတွက် စစ်သားဟောင်းတွေ ဆင့်ခေါ်ဖို့ မလွယ်နိုင်သလို ပြန်လည်စစ်မှုထမ်းခိုင်းပါကလည်း သေခိုင်းတာနဲ့ တူတူပဲလို့ ပြောပါတယ်။

“အသက်တွေလည်း ကြီးကုန်ပြီးလေ။ တပ်နဲ့လည်း အဆက်အသွယ် ပြတ်သွားသူတွေလည်း ပြတ်သွားပြီပေါ့။ လွယ်တော့မလွယ်လောက်တော့ဘူး။ ဥပမာဆိုလို့ရှိရင်ကွာ ဝတုတ်ကြီးတွေ ဖြစ်သွားပြီးကွာ၊ ဒီနေရာမှာ လိပ်စာပေးပေမယ့်လည်း နောက်တစ်နေရာမှာ ရှိရင်ရှိတော့မယ်။ ဒါမှမဟုတ်လည်း ကျန်းမာရေး လုံးဝမကောင်းတော့တဲ့ သူတွေဖြစ်ကုန်ကြတာပေါ့ တော်တော်များများက။ အဲဒီသူတွေကို အခုလောလောဆယ် သင်တန်းပေးမယ်ဆိုလို့ရှိရင် နည်းနည်းခက်ခဲမယ်ထင်တယ်။ ကိုယ့်စိတ်ထင်ပြောတာ၊ အဲဒါဆိုရင်တော့ မင်းသွားပြီးတော့ သေလိုက်တော့လို့ ပြောလိုက်တာနဲ့တူတူပဲ”လို့ ဆိုပါတယ်။

အရန်တပ်ဖွဲ့ ဥပဒေအရ စစ်တပ်ကနေ နုတ်ထွက်ခွင့်ရထားသူတွေနဲ့ အငြိမ်းစားယူခွင့်ရသူတွေဟာ ထွက်ခွင့်ရတဲ့နေ့ကစပြီး ၅နှစ်အထိ အရန်တပ်ဖွဲ့ထဲ စစ်မှုထမ်းဆောင်ဖို့ တာဝန်ရှိသလို ကာကွယ် ရေး ဦးစီးချုပ်အနေနဲ့ မိမိဆန္ဒအလျောက် အရန်တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

အရန်တပ်ဖွဲ့ဝင်တစ်ဦး အနေနဲ့ နိုင်ငံတော် အကျိုးအလိုငှာ ဆက်လက် တာဝန်ပေးအပ်ဖို့ လိုအပ်ရင်သတ်မှတ်ကာလ ၅ နှစ် ထက်ကျော်လွန်ပြီး ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးနိုင်သလို စစ်မှု ထမ်းဖို့ ဆင့်ခေါ် ခံရသူဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်စဉ်က ခွင့်ပြုခဲ့တဲ့ နောက်ဆုံးအဆင့်နဲ့ စစ်ဝတ်စုံတွေကို သုံးစွဲခွင့်ရှိတယ်လို့ ဆိုပါတယ်။

စစ်သားဟောင်းတွေအနေနဲ့ အရန်တပ်ဖွဲ့ ဥပဒေအရ ဆင့်ခေါ်ခံရသူဟာ သတ်မှတ်နေရာကို သတ် မှတ်အချိန်အတွင်း စစ်မှုထမ်းဖို့ လာရောက်ရမှာဖြစ်ပြီး လာရောက်ခြင်းမရှိဘဲ ပျက်ကွက်ပါက ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ်အပြင် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့လည်း ဖော်ပြပါရှိပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းခိုင်းဖို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့တဲ့အပြင် ပြည်သူတွေကို အမြန်ဆုံး ဆင့်ခေါ် နိုင်ဖို့အတွက်လည်း နည်းဥပဒေ (တတိယမူကြမ်း)နဲ့ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲထားပြီလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.