ဝိုင်းမော် ၊ မတ် ၁၂

စစ်ကောင်စီတပ်နဲ့ KIA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ကြား ကချင်ပြည်နယ်ရှိ ဝိုင်းမော်နဲ့ ဖားကန့်မြို့ နယ်တွေဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KIA သတင်းပြန်ကြားရေးနဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ မဟာမိတ်တပ်တွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA အပါအ ဝင် PDF ပူးပေါင်းအဖွဲ့တွေနဲ့အတူ မတ် ၇ ရက်နေ့ကစပြီး လိုင်ဇာမြို့အနီးနဲ့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

မတ် ၁၁ ရက်နေ့မှာလည်း ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာတွေမှာ တိုက်ပွဲတွေရှိနေပြီး မြေပြင်အခြေအ နေ မကြားရသေးဘူးလို့ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မတ် ၇ ရက်နေ့ကစတယ်။ ဒီနေ့ ၁၁ ရက်နေ့ရှိပါပြီ။ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်ကြောလုံးမှာ တိုက်ပွဲတွေဖြစ်တယ်။ ဒီနေ့တော့ လိုင်ဇာပတ်ဝန်းကျင်မှာကတော့ တိုက်ပွဲအသံတွေတော့ မကြားဘူး။ ဒါပေမယ့် အားလုံးငြိမ်းသွားတာတော့ မဟုတ်ဘူး။ ဝိုင်းမော်မြို့နယ်ဘက် အောင်မြေ ၁၊ အောင်မြေ ၂ မှာ တိုက်ပွဲရှိတယ်လို့ ပြောတယ်။ မြေပြင်အခြေအနေက မကြားရသေးပါဘူး”လို့ ဆိုပါတယ်။

ဖားကန့်မြို့နယ်ရှိ ဆိပ်မူအုပ်စု၊ နန့်မှော်ကျေးရွာအနီးမှာလည်း မတ် ၁၁ ရက်နေ့ မနက် ၃ နာရီလောက်ကစပြီး စစ်ကူအင်အား ၇၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်နဲ့ KIA မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။

ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRW တာဝန်ရှိသူတစ်ဦးကတော့ ဝိုင်းမော်မြို့နယ်ရှိ အောင်မြေ ၁ နဲ့ အောင်မြေ ၂ ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေလုပ် ဆောင်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီနေ့ နေ့လည်လောက်အခြေအအနေဆိုရင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သလိုမျိုးတော့ ရှိပါတယ်။ ကျေးရွာဘေးတွေမှာ နေအိမ်တချို့ ထိခိုက်ပျက်စီးတာတော့ ရှိပါတယ်ဗျ။ ဆိုတော့ ထိခိုက်ဒဏ်ရာရတာတော့ ကျွန်တော်တို့ အတိအကျမသိရသေးဘူး။ အခုအခြေအနေမှာ IDP Camp စခန်း အောင်မြေ ၁ နေရာတွေမှာ စစ်ကောင်စီက ဒရုန်းနဲ့ စောင့်ကြည့်တာမျိုး အပ်ဒိတ်သိရတယ်ဗျ”လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း အောင်မြေ ၁ ၊ အောင်မြေ ၂ နဲ့ ရွှေညောင်ပင်ကျေးရွာတွေမှာ တိုက်ပွဲကြောင့် ဒေသခံအရပ်သားရာနဲ့ချီ တခြားဒေသတွေကို သွားရောက်ခိုလှုံဖို့ ပိတ်မိနေပြီး အစားအ သောက်နဲ့ သောက်သုံးရေရရှိမှု အခက်အခဲဖြစ်နေတယ်လို့ KHRW ကနေ သိရပါတယ်။

မတ် ၉ ရက်နေ့ကလည်း ဖားကန့်မြို့နယ်ရှိ တာမခန်းကျေးရွာက စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၁၁၉ အခြေစိုက် စခန်းကုန်းကို KIA က နှစ်ပတ်ကြာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာသွားတဲ့အတွက် သိမ်းပိုက်ရရှိခဲ့ပါတယ်။

KIA အနေနဲ့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက်ရှိ ဗန်းမော်၊မြစ်ကြီးနား၊ဒေါ့ဖုန်းယန်၊ မိုးမောက်နဲ့ ဝိုင်းမော်မြို့ အတွင်းရှိ စစ်ကောင်စီရဲ့ တပ်စခန်းကုန်းနဲ့ တပ်စခန်းငယ် ၂၀ ကျော် သိမ်းပိုက်ရရှိခဲ့ပြီး အဲဒီထဲက ဒေါ့ဖုန်းယန်မြို့ရှိ ခလရ ၁၄၂ လည်း ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.