မော်လမြိုင် – မတ် ၁၁

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တည်ထောင်ခြင်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီလက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ 

၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တဲ့ မြန်မာအမျိုးသားဒီမိုကရပ်တစ် တပ်မတော် MNDAA ဟာ ဒီနေ့မှာ ၃၅ နှစ်ပြည့်မြောက်ခဲ့တာပါ။

ဖြတ်သန်းလာတဲ့တော်လှန်ရေးသမိုင်းတလျှောက် အခက်အခဲ၊အနိမ့်အမြင့် အတက်အကျတွေကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားပြီး ကိုးကန့်ဒေသနဲ့ ကိုးကန့်လူထုလွတ်မြောက်ရေးအတွက် တော်လှန် ရေး​ယုံကြည်ချက် ၃၅ နှစ်တိုင်တဲ့အထိ မဆုတ်မနစ်ကိုင်စွဲလျှောက်လှမ်းခဲ့တဲ့အတွက် လေးစား ဂုဏ်ယူတယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုပြုတ်ကျရေးနိုင်ငံတဝန်းပြည်သူအားလုံး လွတ်မြောက်ရေးတို့အတွက် ပြတ်သားစွာရပ်တည် တိုက်ပွဲဝင်ခဲ့တဲ့အတွက်လည်း အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ အသိပေးထားပါတယ်။ 

ဒါ့အပြင် MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဦးဆောင်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင် ရေးဟာ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ပြည်ထောင်စုတဝန်းလုံး မျှော်မှန်းချက် ဖြစ်တဲ့ အမျိုးသား တန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့အတွက် သမိုင်းဝင်စစ်ဆင်ရေး ကြီးဖြစ်ပြီး သမိုင်းတွင်မယ့် အောင်ပွဲတွေကို ရရှိခဲ့တဲ့အတွက်လည်း လေးစားဂုဏ်ယူတယ်လို့ ဆိုထားပါတယ်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အပြည့်အဝ အာမခံနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ထောင်နိုင်ရေးအတူတကွ လက်တွဲပြီး တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ကတိပြုရင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ၃၅ နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ဂုဏ်ပြုသဝဏ်လွှာပေးပို့လိုက်တယ်လို့ ဖော်ပြထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.