မော်လမြိုင် ၊ မတ် ၁၀

နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကြောင့် အင်အားချိနဲ့လာတဲ့ စစ်ကောင်စီက တပ်အင်အား ဖြည့်တင်းဖို့ မွန်ပြည်နယ်မှာ စစ်မှုထမ်းဟောင်းတွေကို စတင်ဆင့်ခေါ်နေပြီလို့ တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်အာဏာသိမ်းယူချိန်ကနေ သုံးနှစ်ပြည့်ကာလအထိ စစ်မျက်နှာများစွာ ရင်ဆိုင်ထားရတဲ့ စစ်ကောင်စီတပ်ဟာ မြေပြင်ထိတွေ့တိုက်ပွဲတွေမှာ မဆုတ်တမ်းခံစစ်စခန်းတွေကနေ တပ်ရင်းအ လယ်ဒေသကွပ်ကဲမှုနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အထိ ဆုံးရှုံးမှုများစွာနဲ့ လက်လွှတ်ခဲ့ရတာပါ။

ဒီအခြေအနေမှာ စစ်ကောင်စီက စစ်မှုထမ်းဟောင်းတွေကို ပြန်လည်ခေါ်ယူနိုင်ဖို့ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ အရန်တပ်ဖွဲ့ ဥပဒေကို ပြီးခဲ့တဲ့ ဖေဖော် ဝါရီ ၁၃ ရက်နေ့မှာ အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။

စစ်မှုထမ်းဟောင်းတစ်ဦးကတော့ လက်ရှိမှာတော့ စစ်ကောင်စီဟာ စစ်တပ်က‌နေ သုံးနှစ်အတွင်း အငြိမ်းစားယူထားသူတွေ နှုတ်ထွက်ထားသူတွေကို အရန်တပ်ဖွဲ့အတွက် ပြန်ခေါ်နေပြီး သင်္ကြန်အလွန် မွမ်းမံသင်တန်းပေးဖို့ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သုံးနှစ်အတွင်းတွေကို ဆင့်ခေါ်နေပြီ။ သင်္ကြန်ပြီးရင်စမယ်။ အခုကာနယ်ကြီးတွေတောင်မှပဲ ခေါ်နေပြီ။ အခုခေါ်နေတဲ့သူတွေက တော်တော်များများ (တပ်ကနေ) ထွက်ပြီး သုံးနှစ်အတွင်းပေါ့။ လောလောဆယ် တချို့တွေခေါ်ထားပြီးပြီ။ ပထမအသုတ်စပြီးတော့ တာဝန်ထမ်းဆောင်နေပြီ။ အရင်ခေါ်တဲ့သူတွေပေါ့။ အခုစီမံချက်ထွက်ပြီး နောက်တစ်သုတ်က သင်္ကြန်ပြီးရင် သတင်းပို့ရမယ်။ မေ ၁ ရက်နေ့ကစပြီး သတင်းပို့ရမယ်လို့ သိရတယ်။ အရင်စစ်သားဟောင်းတွေကို ထွက်ပြီးသားသူတွေကို မွမ်းမံပေးနေတယ်”လို့ ဆိုပါတယ်။

အရန်တပ်ဖွဲ့ ဥပဒေအရ စစ်တပ်ကနေ နှုတ်ထွက်ခွင့်ရထားသူတွေနဲ့ အငြိမ်းစားယူခွင့်ရသူတွေဟာ ထွက်ခွင့်ရတဲ့နေ့ကစပြီး ၅ နှစ်အထိ အရန်တပ်ဖွဲ့ထဲ စစ်မှုထမ်းဆောင်ဖို့ တာဝန်ရှိသလို ကာကွယ် ရေးဦးစီးချုပ်အနေနဲ့ မိမိဆန္ဒအလျောက် အဲဒီလူတွေကို အရန်တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်နိုင်တယ်လို့ ပြဌာန်းထားတာပါ။

အရန်တပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ နိုင်ငံတော်အကျိုးအလိုငှာ ဆက်လက်တာဝန်ပေးအပ်ဖို့ လိုအပ်ရင် သတ်မှတ်ကာလ ၅ နှစ် ထက်ကျော်လွန်ပြီး ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးအပ်နိုင်တယ်လို့လည်း ဥပဒေမှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် လေ့ကျင့်ရေးအတွက်ဖြစ်စေ အရေးပေါ်အခြေအနေအတွက် ဖြစ်စေ စစ်မှုထမ်းဖို့ ဆင့် ခေါ် ခံရတဲ့ တာဝန်ရှိသူဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်စဉ်က ခွင့်ပြုခဲ့တဲ့ နောက်ဆုံးအဆင့်နဲ့ စစ်ဝတ်စုံတွေကို သုံးစွဲခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတာပါ။

အရန်တပ်ဖွဲ့ဥပဒေအရ ဆင့်ခေါ်ခံရတဲ့သူတွေဟာ သတ်မှတ်နေရာ သတ်မှတ်အချိန်အတွင်း စစ်မှု ထမ်းဖို့ လာရောက်ရမှာဖြစ်ပြီး လာရောက်ခြင်းမရှိဘဲ ပျက်ကွက်ပါက ၃ နှစ်ထက်မပိုတဲ့ ထောင် ဒဏ်ငွေဒဏ်အပြင် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ သိရပါတယ်။

နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တပ်ဖွဲ့စည်းပုံ မပြည့်မီတဲ့အပေါ် အင်အားအသည်းအသန်လိုအပ်နေတာဟာ မြင်သာစေပြီး စစ်မှုထမ်းဟောင်းတွေနဲ့ အားဖြည့်တာဟာ အားမဖြစ်ဘူးလို့ သုံးသပ်ပါတယ်။

“တပ်ရင်းပေါင်း ၅၀၀ ရှိတယ်ဆိုပေမယ့် တကယ်တမ်း အခုကတပ်ရင်းတစ်ရင်းကို လူ ၁၂၀ လောက်ပဲ လှုပ်ရှားနိုင်တယ်။ အဲဒီထဲမှာ တကယ်တမ်းစစ်ရေးမှာ သုံးလို့ရတာ ၇၀ လောက်ပဲရှိတယ်။ အဲဒီ‌တော့ သူ့ (စစ်တပ်) အခြေအနေက တပ်ရင်းတစ်ရင်း လူ ၇၀၀ လောက်ရှိရမယ့်ဟာ အခု ၇၀ လောက်ပဲ ရှိတဲ့အခါကျတော့ ဘယ်လောက်အသည်းအသန်လိုအပ်နေမလဲဆိုတာ ကျွန်တော်တို့ မြင်သာပါတယ်။ ဒါပေမယ့်သူအခုပြန်ပြီး ဖြည့်ဆည်းတဲ့လူတွေက စစ်မှုထမ်းဘဝကနေ အငြိမ်းစား ယူထားတဲ့သူတွေ ထောင်ကျတွေ။ ဆိုတော့ နဂိုကစစ်တပ်ရဲ့ကျဆင်းနေတဲ့ အရည်အသွေးနဲ့ စစ်မတိုက်ချင်တဲ့ ဆန္ဒတွေပြင်းပြနေတဲ့ စစ်တပ်ကို ဒီလူတွေနဲ့ အားဖြည့်တာ အားမဖြစ်တဲ့အပြင် ပိုပြီးတောင် အားလျော့သွားစရာရှိတယ်လို့ ကျွန်တော်က သုံးသပ်မိပါတယ်ခင်ဗျာ”လို့ သူက ဆိုပါတယ်။

သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အစီရင်ခံစာအအရ တပ်ရင်းတစ်ရင်းကို ဖွဲ့စည်းတဲ့အခါ ပျမ်းမျှအနေနဲ့ အရာရှိ ၃၀ ကနေ ၆၀ ဝန်းကျင်အပါအဝင် စစ်သည် ၇၂၀ ကနေ ၇၅၀ လောက် စဉ်းစားခဲ့ကြပေမယ့် တပ်တိုးချဲ့ချိန်ကစပြီး တပ်ရင်းတိုင်း ဖွဲ့စည်းပုံမပြည့်ခဲ့ဘူးလို့ ဆိုပါတယ်။

စစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီကာလတွေမှာ အင်အား ၁၆၀,၀၀၀ ဝန်းကျင်သာရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်မှာ တိုက်ခိုက်ရေးအင်အား တစ်သိန်းပြည့်ဖွယ် မရှိတော့ဘူးလို့ သုတေသနပြုလေ့လာချက်တွေကို အခြေခံပြီး ISP-Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တပ်ပြေးတွေကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ စစ်တပ်ဟာ နိုင်ငံ့အာဏာကို သိမ်းယူချိန်ကစပြီး ခုခံတော်လှန်စစ်ကြောင့် အင်အားပြုန်းတီးမှုကို ဖြည့်တင်းနိုင်ဖို့ စစ်ပြေးတွေ စစ်မှုထမ်း ဟောင်းတွေနဲ့ ဆေးခွင့်ကျထားသူတွေကိုပါ ပြန်လည်လက်ခံနေရတာပါ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းမှာ စစ်ကောင်စီက သူတို့စစ်တပ်မှာ တာဝန်ထမ်းဆောင်လိုတဲ့ စစ်ပြေးတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး နီးစပ်ရာတပ်တွေမှာ ပြန်လည်လက်ခံသွားမယ်လို့ အသိပေးကြေညာခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့်ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး နိုင်ငံတဝန်း စစ်မှုထမ်းအမြန်ဆုံးဆင့်ခေါ်နိုင်ဖို့ နည်းဥပဒေ (တတိယမူကြိမ်း)နဲ့ လုပ်ထုံး လုပ်နည်း ရေးဆွဲထားပြီးဖြစ်သလို သင်တန်းကျောင်းတွေလည်း လျာထားပြီလို့ စစ်ကောင်စီရဲ့ ကာ ကွယ်ရေးဝန်ကြီးက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.