မော်လမြိုင် ၊ မတ် ၁၀

ရာမညရွှေဖြူလို့ တင်စားကြတဲ့ မွန်ပြည်နယ်ရော်ဘာကဏ္ဍဟာ တရားမဝင်ပို့ဆောင်မှု အကြောင်း ပြချက်နဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် ရော်ဘာကဏ္ဍတစ်ခုလုံး ရပ်နားရမယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက မွန်ပြည်နယ်ထွက် ရော်ဘာတွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင်တင်ပို့မှုတွေရှိနေတယ်ဆိုကာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ စစ်ဆေးရေးဂိတ်တွေနဲ့ ကုန်သွယ်ရေးလမ်း ကြောင်းတွေမှာ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။

အဲဒီထဲမှာ ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့က မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရပ်ကွက်ရှိ မော်လမြိုင်-ဘားအံကားလမ်းမပေါ်မှာ ရော်ဘာတင်ဆောင်လာတဲ့ ကားတစ်စီးကို တရားမဝင်သယ်ဆောင်လာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရော်ဘာတန်ချိန် ၈ တန်နီးပါး သိမ်းဆည်းခဲ့တဲ့အပြင် ယာဉ်မောင်းကိုပါ ဖမ်း ဆီးခဲ့ပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်းက ရော်ဘာအများဆုံးထွက်ရှိနေတဲ့ ဒေသတွေမှာလည်း ရော်ဘာတွေကို တရားမဝင်တင်ပို့တာတွေ မလုပ်ဆောင်ဘူးဆိုတဲ့ ခံဝန်လက်မှတ်ရေးထိုးခိုင်းတာနဲ့ ဖမ်းဆီးအရေး ယူမယ့်အကြောင်း ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။

ရော်ဘာထွက်ကုန်တွေကို ဖမ်းဆီးနေတာဟာ ၂၀၁၃ ခုနှစ်က ရေးဆွဲပြဌာန်းခဲ့တဲ့ တောင်သူလယ်သ မား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်တယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေအခန်း (၄)အပိုဒ်ခွဲ (ဂ)မှာတော့ ရော်ဘာထွက်ကုန်တွေအပါအဝင်လယ်ယာထွက်ကုန်တွေကို လွတ်လပ်စွာ သယ်ယူခွင့်နဲ့ ရောင်းချခွင့်ရှိတယ်လို့ အတိအလင်းပြဌာန်းထားပါတယ်။

ရော်ဘာလုပ်ငန်းရှင်တစ်ဦးကတော့ တရားမဝင် ပို့ဆောင်မှု အကြောင်းပြချက်နဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် ရော်ဘာကဏ္ဍအပေါ် သက်ရောက်ကြီးမားနေသလို ရေရှည်မှာ ရော်ဘာကဏ္ဍတစ်ခုလုံး ရပ်နားရမယ့် ကိန်းဆိုက်နေတယ်လို့ ပြောပါတယ်။

“တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ လယ်ယာထွက်ကုန်တွေကို လွတ်လပ်စွာ သယ်ယူခွင့်နဲ့ရောင်းချခွင့် ရှိတယ်။ အခုလိုမျိုး သူတို့ဖမ်းဆီးတဲ့ဥစ္စာက ဘယ်လိုမျိုးအမိန့် ကြေညာစာတွေနဲ့ ဖမ်းသလဲပေါ့နော်။ ဖမ်းတယ်ဆိုလို့ရှိရင်လည်း နယ်စပ်မှာဖမ်းတာက ပိုပြီးတော့ အဆင်ပြေသေးတယ်။ ဒီလိုပဲဆက်ဖမ်းနေမယ်ဆိုရင် ရေရှည်တော့ ဒီလုပ် ငန်းတွေ အကုန်လုံးရပ်မယ့် သဘောရောက်သွားလိမ့်မယ်ဗျ”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် မွန်ပြည်နယ်ထွက် ရော်ဘာဈေးနှုန်းဟာ တစ်ပေါင်ကို ကျပ် ၁၈၀၀ ကနေ ကျပ် ၁၆၀၀ အထိ ဈေးနှုန်းကျဆင်းလာပြီး ဈေးကွက်အတွင်း အရောင်းအဝယ် သိသိသာသာ ထိုးကျလာတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်ထွက် ရော်ဘာတွေ ဈေးနှုန်းကျဆင်းလာပေမယ့် အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ ကမ္ဘာ့ရော်ဘာ ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ ရော်ဘာတစ်ပေါင်ကို ကျပ် ၃၆၀၀ အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

ရော်ဘာခြံရှင်တစ်ဦးကတော့ စစ်ကောင်စီဖမ်းဆီးမှုကြောင့် ရော်ဘာအဝယ်ဒိုင်တွေ လုပ်ငန်းရပ် နားသွားပါက ရော်ဘာအစေးခြစ်လုပ်ငန်းပါ ရပ်ဆိုင်းရတော့မယ်လို့ သံလွင်တိုင်းမ်ကို ပြောါတယ်။

“အရွက်ကြွေပြီးတော့ ပြန်ထွက်တဲ့အခါတော့ ရော်ဘာအထွက် လျော့တာပေါ့နော်။ လျော့တဲ့အခါ ဒီထွက်သမျှတော့ နည်းနည်း နည်းသွားတယ်။ နည်းတဲ့ဟာတွေကို ဒီရော်ဘာဒိုင်တွေကို သွားသွင်းတယ်။ အဲဒီတော့ ဈေးနှုန်းကတော့ အရင်ထက်စာရင်လျော့တာပေါ့နော်။ ရော်ဘာဒိုင်တွေကလည်း ခံပြီးတော့ ဝယ်ပေးနေတာပဲ။ ဒိုင်တွေအဝယ် ရပ်သွားရင်တော့ ကျွန်တော်တို့လည်း ခြစ်တာရပ်သွားမှာပေါ့။ နောက်ဆုံးကိုက်ရင်တော့လည်း ခြစ်မယ်၊ မကိုက်တော့ဘူးဆိုရင်တော့ နားနေရမှာပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ရော်ဘာတွေကို ထိုင်းနိုင်ငံကို မတင်ပို့နိုင်အောင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် လမ်းကြောင်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေနဲ့ တံတားတွေမှာ တင်းတင်းကျပ် ကျပ် ဖမ်းဆီးစစ်ဆေးနေပြီး သယ်ယူပို့ဆောင်ခွင့် အထောက်အထားမပါပါက ပို့ကုန်သွင်းကုန်ပုဒ်မတွေနဲ့ အရေးယူနေတာပါ။

မွန်ပြည်နယ်ဟာ ထွက်ရှိလာတဲ့ ရော်ဘာကုန်ကြမ်းတွေကိုတော့ တရုတ်နဲ့ထိုင်းနိုင်ငံဈေးကွက်တွေအပေါ် အဓိကမှီခိုနေရတာဖြစ်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် ထိုင်းနိုင်ငံ ရော်ဘာဈေး ကွက်ပျောက်မယ့် အခြေအနေနဲ့ ကြုံနေရပါတယ်။

နိုင်ငံအတိုင်းအတာအရ ရော်ဘာအများဆုံးထွက်ရှိနေတဲ့ မွန်ပြည်နယ်ဟာ တစ်နှစ်လျှင်ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေပြီး ရော်ဘာကဏ္ဍအပေါ် အလုပ်သမား ထောင်နဲ့ချီ အသက်မွေးဝမ်းကြောင်း ပြုလုပ်နေရတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.