မော်လမြိုင် ၊ မတ် ၉

စစ်ကောင်စီအသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်တွေကို မြို့နယ် ၄ ခုမှာ စစ်မှုထမ်းသင်တန်းပေးနိုင်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းရဲ့ပြောပြချက်အရ သိရပါတယ်။

အရေးမလှစစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေပြဌာန်းပြီး တစ်လမပြည့်ခင်မှာပဲ အရွယ် ရောက်ပြီးသား နိုင်ငံသားတွေကို စစ်မှုထမ်းအမြန်ဆုံး ဆင့်ခေါ်နိုင်ဖို့ အပူတပြင်းကြိုးပမ်းလာတာ ဖြစ်ပါတယ်။

စစ်မှုထမ်းအမြန်ဆုံးဆင့်ခေါ်နိုင်ဖို့ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲထားပြီးဖြစ်သလို သင်တန်းကျောင်းတွေ လျာထားပြီလို့ မတ် ၄ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးအတွင်း စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောဆိုခဲ့တာပါ။

စစ်ကောင်စီရဲ့ သင်တန်းကျောင်းလျာထားမှုအရ မွန်ပြည်နယ်ရဲ့ သံဖြူဇရပ်၊မော်လမြိုင်၊ သထုံနဲ့ ချောင်းဆုံမြို့နယ်တို့မှာ သင်တန်းပေးနိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။

အဲဒီထဲမှာ သံဖြူဇရပ်မြို့နယ်က တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်း၊ သထုံမြို့နယ်ရှိ စစ်အ ခြေခံလေ့ကျင့်ရေး သင်တန်းကျောင်း၊ မော်လမြိုင်မြို့နယ်ရှိ အမှတ် ၆ ပညာရေးသင်တန်းကျောင်းနဲ့ ချောင်းဆုံမြို့နယ်က အမှတ်(၆) တိုက်ပွဲဝင် စည်းရုံရေးသင်တန်းကျောင်းတို့ ရှိနေပါတယ်။

စစ်မှုထမ်းဟောင်းတစ်ဦးကတော့ သထုံနဲ့သံဖြူဇရပ်မြို့နယ်ရှိ သင်တန်းကျောင်းတွေမှာသာ စစ် သင်တန်းပေးနိုင်ပြီး လူများပါက မော်လမြိုင်နဲ့ချောင်းဆုံမြို့နယ်ရှိ သင်တန်းကျောင်းတွေမှာပါ စစ် မှုထမ်းဖို့ သင်တန်းပေးနိုင်တယ်လို့ ပြောပါတယ်။

“လူသစ်တွေကို သင်တန်းပေးတာကတော့ ဝဲကလိနဲ့ သထုံက စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း စခတ(၉)ပေါ့။ အဲဒီနှစ်ခုမှာပဲ ပုံမှန်ပေးတာ။ ဒါပေမယ့် လူများလို့ရှိရင် မော်လမြိုင်မှာ ပ ညာရေး ၆ နဲ့ ချောင်းဆုံက အမှတ် ၆ တိုက်ပွဲဝင် စည်းရုံးရေး သင်တန်းကျောင်း အဲဒီနှစ်ခုမှာ ထပ်ပေးနိုင်တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ လူငယ်တွေကို စစ်သင်တန်းပေးဖို့အတွက် သင်တန်းကျောင်းတွေမှာ အသင့်အနေအထား ပြင်ဆင်တာတွေ ပြုလုပ်ပြီးဖြစ်တဲ့အတွက် လာမယ့်ဧပြီလအတွင်း စစ်သင် တန်းခေါ်ယူဖို့ သေချာနေပြီလို့ သူကဆက်ပြောပါတယ်။

CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ ပြည်သူတွေကို စစ်မှုထမ်းခိုင်းဖို့အတွက် အသည်းအ သန် လုပ်ဆောင်နေတာဟာ တပ်ရဲ့ ဖွဲ့စည်းပုံတော်တော်လေး ပျက်သွားတာကြောင့် ဖြစ်သလို ပြည်သူတွေကို အချိန်တိုအတွင်း စစ်သင်တန်းပေးပြီး စစ်တိုက်ခိုင်းဖို့ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“အဓိကတော့ စစ်တပ်မှာ တိုက်ခိုက်ရေး အင်အားနည်းနေတယ်။ နောက်ပြီးတော့ စစ်တပ်ရဲ့ အင် အားဟာ တကယ့်ကို စုစည်းလို့မရတော့ဘူး။ နောက်ပြီးတော့ တပ်ရဲ့ဖွဲ့စည်းပုံက တော်တော်ကို ပျက်သွားပြီလို့ ကျွန်တော်တို့ပြောလို့ရတယ်။ အဲဒီတော့ သူတို့သည် စစ်မှုထမ်းဥပဒေကို ကျင့်သုံးတာသည် အဓိကကတော့ သူတို့ရဲ့လိုအပ်နေတဲ့ တိုက်ခိုက်ရေးအင်အားကို အသုံးချချင်လို့ စစ်မှု ထမ်းဥပဒေကို ကျင့်သုံးတယ်လို့ ကျိန်းသေပြောရမယ်။ လအနည်းငယ်နဲ့ စစ်သင်တန်းတွေ ပေးမယ်။ ပြီးရင် ရှေ့တန်းတွေလွှတ်မယ်၊ ပြီးရင်တိုက်ခိုင်းမယ်ပေါ့”လို့ ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်းဟာ မဖြစ်မနေ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပြီး စစ်မှုမထမ်းဆောင်ပါက အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

စစ်ကောင်စီရဲ့ ပြောဆိုချက်တွေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် (၁)ခုလျှင် အနည်းဆုံး လူပေါင်း ၅၀၀ နီးပါး စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)ကို လာမယ့်သင်္ကြန်အပြီးမှာ စတင်သွားမှာ ဖြစ်ပြီး အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်း၊ တစ်နှစ် လူပေါင်း ၆၀၀၀၀ စစ်မှုထမ်းဖို့ ဆင့်ခေါ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.