မြဝတီ ၊ မတ် ၉

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ဒေသတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNLA တော် လှန်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေတယ်လို့ မြေပြင်သ တင်းရင်းမြစ်တွေအရ သိရပါတယ်။

သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ ၃၅၅ တပ်ရင်းကို မတ် ၇ ရက်နေ့ကစပြီး KNLA တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက် ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေ အသုံးပြုတိုက်ခိုက်ခဲ့တာပါ။

မတ် ၇ ရက်နေ့ တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သင်္ဃန်းညီနောင်ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ မတ် ၈ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် သင်္ဃန်းညီနောင်အနီး ရွာသစ်ကျေးရွာရှိ သဘာဝတရားရိပ်သာဆေးရုံမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး သက်ကြီးဘိုးဘွား ၂ ဦးသေဆုံးကာ ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သင်္ဃန်းညီနောင်ဒေသမှာ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ညီနောင်၊ ရွာသစ်၊ မြို့သစ်၊ မဲကနယ်စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေအနေနဲ့ တိမ်းရှောင်နေထိုင်ကြဖို့ ဒေသခံပြည်သူအ ချင်းချင်း သတိပေးပြောဆိုကြတာတွေရှိနေပြီး တိုက်ပွဲကြောင့် ဒေသခံပြည်သူအများအပြားလည်း မြဝတီမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ ၃၅၅ တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး အနီးအနားရှိ ခမရ ၃၅၆ တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပေမယ့် နှစ်ဖက်တပ်ဖွဲ့တွေက လတ်တလောမှာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အများအပြားထိခိုက်သေဆုံးခဲ့သလို KNLA ပူးပေါင်းတပ် ဖွဲ့ဘက်ကလည်း ထိခိုက်သေဆုံးမှုတချို့ ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ သင်္ဃန်းညီနောင်ဒေသဟာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးနဲ့ ထို့ကော်ကိုး-ကျော်ခို့-သင်္ဃန်းညီနောင်ကားလမ်းအဆုံးမှာ တည်ရှိတာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.